Sunday, August 11, 2013

ပါတီ ၁၅ ခုလက်တွဲ၍ ပါတီသစ်တစ်ခုထူထောင်မည်

ပါတီ ၁၅ ခု စုဖွဲ့ထားသော ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) အဖွဲ့က ဖက်ဒရယ်
ပြည်ထောင်စုပါတီ (FUP) ဟု အမည်ရသည့်ပါတီသစ်တစ်ခု ယခုရက်ပိုင်းအတွင်း တည်ထောင်ခွင့် လျှောက်ထား
တော့မည်ဟု NBFအဖွဲ့ဝင်ပါတီများမှ ခေါင်းဆောင်များက ပြောသည်။

တိုင်းရင်းသားပါတီအများစုပါဝင်သော NBF အဖွဲ့သည် မေ ၁၁ ရက်က တောင်ကြီးမြို့တွင် အစည်းအဝေးပြုလုပ် ခဲ့ရာ အဖွဲ့ဝင်ပါတီများလက်တွဲပြီး ပါတီသစ်တစ်ခုတည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသဖြင့် ယခုလို ဆောင်ရွက်ခြင်း
ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ အမှုဆောင် ဦးစောသန်းမြင့်က ဖက်ဒရယ်ပြည်ထောင်စု ပါတီ (Federal Union Party-FUP) သည် NBF အဖွဲ့ဝင် ပါတီ ၁၅ ခုကို ဖျက်သိမ်းပြီး ထူထောင်ရန် စီစဉ်ခြင်းမဟုတ်ဘဲ NBF ၏ ကိုယ်ပွားပါတီတစ်ခုအဖြစ် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ရှင်းပြသည်။

လာမည့် ရွေးကောက်ပွဲများ၌ NBF အဖွဲ့ဝင် ၁၅ ပါတီဝင်မပြိုင်ဖြစ်သည့် မဲဆန္ဒနယ်များတွင် FUP အနေဖြင့် ဝင်ပြိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟုလည်း သူကဆိုသည်။

"အဖွဲ့ဝင် ပါတီတွေရှိတဲ့နေရာတွေမှာချန်ထားမယ်။ မပါတဲ့နေရာမှာ အားလုံးနီးနီး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ချက် ရှိပါတယ်" ဟု ဦးစောသန်းမြင့်က ပြောသည်။

FUP သည် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတစ်ခုတည်းအတွက် ရည်ရွယ်ထူထောင်ခြင်း မဟုတ်ဘဲ
ရေရှည်စီမံကိန်းချမှတ်ကာ အကောင်အထည်ဖော်သွားမည်ဟုလည်း NBF အဖွဲ့ဝင်ပါတီတစ်ခု ဖြစ်သည့် ချင်းအမျိုးသားပါတီမှ  ဥက္ကဋ္ဌ ဦးဇိုဇမ်းက ပြောသည်။

"ကျွန်တော်တို့ သားစဉ်မြေးဆက်အတွက်လည်း ပါတယ်။ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည်ဖော်ဖို့အတွက် မျိုးဆက်သစ်တွေကို မွေးထုတ်ပေးဖို့လည်း ရည်ရွယ်ပါတယ်" ဟု ဦးဇိုဇမ်း က ပြောသည်။

လက်ရှိတွင် ပါတီသစ်ဖြစ်သည့် FUP တည်ထောင်ခွင့်ပြုရေး ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားရန်
ခေါင်းဆောင် ၁၇ ဦးကို ရွေးချယ်ထားသည်။

ပါတီနှစ်ခုပေါင်း၍ ပါတီသစ်တစ်ခုတည်ထောင်လိုလျှင် မူလပါတီနှစ်ခုကိုဖျက်သိမ်းရမည်ဖြစ်ပြီး၊ ပါတီနှစ်ခုကို ကိုယ်စားပြု၍ ရွေးကောက်ခံခဲ့သည့် လွှတ်တော်အမတ်အသီးသီးသည်လည်း ပါတီသစ်မှ အမတ်အဖြစ် ဆက်လက်မဆောင်ရွက်လိုဘဲ တသီးပုဂ္ဂလအဖြစ်ရပ်တည်လိုလျှင် ရွေးကောက်ပွဲကော်မရှင်ထံ
လျှောက်ထား နိုင်သည်ဟု ပြီးခဲ့သည့် ဇူလိုင်အတွင်းက ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် NBF အဖွဲ့ဝင်ပါတီများလက်တွဲ၍ FUP ကို ကိုယ်ပွားအဖြစ်ထူထောင်မည့်အရေး နှင့်ပတ်သက်၍
ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြု/မပြု မသိနိုင်သေးပေ။

NBF အဖွဲ့ဝင်ပါတီများမှာ ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသား ပါတီ၊ 'ဝ' ဒီမိုကရက်တစ်ပါတီ၊ 'ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ဖြစ်ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။