Sunday, August 11, 2013

မြ၀တီနယ်စပ်တွင် သောင်တင်နေသည့် အလုပ်သမား ၄၀၀၀ ကျော်အနက် ၃၀၀၀ ၀န်းကျင်မှာ ထိုင်းနိုင်ငံတွင် အလုပ်ရရှိ


R-11-8

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမား နိုင်ငံသား စိစစ်ရေးရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

မြ၀တီနယ်စပ်တွင် သောင်တင်နေသည့် မြန်မာအလုပ်သမား ၄၀၀၀ ကျော်အနက် အလုပ်သမား ၃၀၀၀ ၀န်းကျင်မှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ အဖွဲ့ချုပ်မှ သိရသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ အလုပ်ခေါ်စာ (Demand Letter) မရှိဘဲ အလုပ်သမား စုဆောင်းခြင်း၊ အလုပ်ခေါ်စာတွင် ခွင့်ပြုထားသော အလုပ်သမားဦးရေ ပမာဏထက် ပိုမိုစုဆောင်းခြင်း၊ အလုပ်ခေါ်စာ ရှိသော်လည်း ထိုင်းနိုင်ငံဘက်မှ အလုပ်ခေါ်ယူမှု နောက်ကျခြင်း၊ ပွဲစားများမှတစ်ဆင့် လူစုဆောင်းခြင်း စသည့်အကြောင်းအရင်းများကြောင့် ယခုကဲ့သို့ မြ၀တီနယ်စပ်တွင် အလုပ်သမား ၄၀၀၀ ကျော် သောင်တင်နေရခြင်းဖြစ်ကြောင်း သိရသည်။

"မြ၀တီမှာ သောင်တင်နေတဲ့ အလုပ်သမားတွေထဲက ၃၀၀၀ ၀န်းကျင်က ထိုင်းနိုင်ငံမှာ အလုပ်ရသွားပါပြီ။ ကျန်တာကတော့ ၁၀၀၀ ၀န်းကျင်လောက်ကတော့ မြ၀တီမှာ ရှိနေသေးတယ်။ သူတို့ အလုပ်အမြန် ရဖို့အတွက် ဆက်လက်ဆောင်ရွက် သွားမှာပါ" ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောကြားသည်။

အလုပ်သမား ၀န်ကြီးဌာနမှ ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမား ပို့ဆောင်ခွင့်ပြုထားသည့် အေဂျင်စီ ၆၂ ခု ရှိသော်လည်း ထိုင်းနိုင်ငံသို့ အမှန်တကယ် အလုပ်သမားပို့ဆောင်နေသည့် အေဂျင်စီမှာ ၂၄ ခုသာရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဖူလုံရေး ၀န်ကြီးဌာန၏ စာရင်းများအရ ထိုင်းနိုင်ငံ သံရုံးမှတစ်ဆင့် စိစစ်ကာ လုပ်သားစုဆောင်းခွင့် ပြုထားသည့် လူဦးရေ ၂၀၀၀၀ ကျော်ရှိပြီး လုပ်သား ၈၉၄၄ ဦးမှာ စေလွှတ်ပြီးဖြစ်ကြောင်း၊ ၂၇၈၇ ဦးမှာ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်း သိရသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနနှင့် ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မြ၀တီနယ်စပ်တွင် သောင်တင်နေသည့် အလုပ်သမား ၄၅၀၀ ပြဿနာအား ဖြေရှင်းလျက်ရှိသည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။