Saturday, August 10, 2013

မုံရွာဇောတိကာရာမ ကျောင်းတိုက်မှ သံဃာတော်တစ်ပါး မိမိကိုယ်ကို မီးရှို့ပျံလွန်တော်မူ

မုံရွာဇောတိကာရာမ ကျောင်းတိုက်မှ သံဃာတော်တစ်ပါး မိမိကိုယ်ကို မီးရှို့ပျံလွန်တော်မူမုံရွာမြို့ ကျောက္ကာ လမ်းမကြီး နံဘေးရှိ ဇောတိကာရာမ ဘုန်းကြီးကျောင်း တိုက်မှ သံဃာတော် တစ်ပါးသည် သြဂုတ်လ ၈ ရက်နေ့ နံနက် ၂ နာရီခန့် အချိန်တွင် ကျောင်းဝင်း အတွင်းရှိ ရတနာမုနိ စေတီတော်ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့သဖြင့် ပျံလွန်တော်မူ ခဲ့ကြောင်း ကျောင်းတိုက်မှ သံဃာတော် များနှင့် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ အတည်ပြု ပြောကြားသည်။ 

ပျံလွန်တော် မူခဲ့သည့် ဦးသုန္ဒရမှာ သက်တော်၂၄ နှစ်၊ ဝါတော် လေးဝါရှိပြီ ဖြစ်ပြီး မြောင်မြို့နယ် အုန္နဲဘုတ်ကျေးရွာ ဇာတိဖြစ်ကာ ဇောတိကာရာမ ကျောင်းတိုက်တွင် အငယ်တန်း စာသင်သား အဖြစ် သီတင်းသုံး နေထိုင်သည့် သံဃာဖြစ်ကြောင်း ကျောင်းတိုက်မှ ဆရာတော် တစ်ပါးက မိန့်ကြားသည်။ "ကိုရင်ဘဝကနေ ဝါတော်လေးဝါ ရရင် ခန္ဓာကိုယ်ကို မီးရှို့ပူဇော်မယ် လို့လဲ တစ်တိုက်တည်းနေတဲ့ သံဃာတွေကို ပြောဖူးတယ်။ အဲဒီမတိုင်ခင်မှာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အလှူခံတဲ့ သူရှိရင်လဲ လှူမယ်လို့ ပြောခဲ့တာတွေ ရှိတယ်" ဟု ဇောတိကာရာမ ကျောင်းတိုက်မှ တိုက်အုပ် ဆရာတော်တစ်ပါးက ဆိုသည်။

ဘုရားတပည့်တော်သည် အပြစ်ရှိလျှင် ခွင့်လွှတ်တော် မူပါဘုရား၊ တပည့်တော်သည် အရှင်မြတ် ဘုရားတို့၏ အပေါ်၌ အပြစ်များရှိလျှင် ခွင့်လွှတ်တော် မူကြပါ အရှင်သူမြတ်တို့ ဘုရား၊ တပည့်တော်သည် တပည့်တော်၏ ပရိက္ခရာ အစရှိသော အသုံးအဆောင်များနှင့် ပရိယတ္တိစာပေများကို သံဃာတော် အရှင်သူမြတ်တို့ကို လှူဒါန်းကြောင်း၊ ပျံလွန်တော်မူခဲ့သည့် သံဃာတော် ရေးသားခဲ့သည့် စာများကျန်ရှိခဲ့ကြောင်း ကျောင်းတိုက်မှ သံဃာတော်များက ပြောကြားသည်။

"ကျွန်တော်တို့တွေက မနက် ၃ နာရီလောက်မှ သိရတာပါ၊ ကျောင်းကိုရောက်တော့ သံဃာတော်က အသက်မရှိတော့ပါဘူး။ မီးလောင်ကျွမ်းထားတဲ့ အနီးဝန်းကျင်မှာ မီးလောင်ကျွမ်းထားတဲ့ ရေသန့်ဘူးခွံ တစ်လုံး၊ ဂက်စ်မီးခြစ်တစ်ခုနဲ့ သွေးစွန်းနေတဲ့ စတီးဓားတစ်ချောင်း တွေ့ခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ကြံစည်မှုဟုတ် မဟုတ် သိရှိစေဖို့ မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့လိုက်တယ်" ဟု ယင်းအနီးသို့ ရောက်ရှိနေသော မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အရှင်သုန္ဒရ၏ ရုပ်အလောင်းကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်၍မှုခင်း ဆရာဝန်ကြီးက ခွဲစိတ်စစ်ဆေးရာ ပြင်ပဒဏ်ရာ တွေ့ရှိခြင်းမရှိဘဲ ခန္ဓာကိုယ် မီးလောင်သေဆုံးခြင်း ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ပျံလွန်တော်မူခဲ့သည့် သံဃာတော်၏ မိဘဆွေမျိုးများအား အကြောင်းကြားထားပြီးဖြစ်ပြီး ဦးပဉ္စင်း၏ ခမည်းတော်နှင့် မယ်တော်တို့လည်း မုံရွာမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။