Saturday, August 10, 2013

ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုများအား စတင်ဖမ်းဆီး မည်ဖြစ်ပြီး မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်များကို ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စတင် အရေးယူမည်

ပင်လယ်ရေကြောင်းမှ တရားမ၀င် မှောင်ခိုကုန်စည် တင်သွင်းနေသူများအား သြဂုတ် ၁၂ ရက်မှ စတင် ဖမ်းဆီးမည်ဖြစ်ကာ စက်တင်ဘာ ၁ ရက်မှ စတင်ကာ ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေး အရေးယူနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်များအား စတင်အရေးယူမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သြဂုတ် ၉ ရက်တွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ ရွေ့လျားဖမ်းဆီးရေး အဖွဲ့အနေဖြင့် ဖွဲ့စည်းပြီးသည့် ခုနစ်လကျော် ကာလအတွင်း ကျပ်သန်း ၆၀၀၀ ကျော်ဖိုးအထိ ဖမ်းဆီးခဲ့သော်လည်း တရားမ၀င် မှောင်ခိုကုန်စည် တင်သွင်းသူများအား အစိုးရအဖွဲ့၏ ငဲ့ညာမှုဖြင့် ငွေဒဏ်ချမှတ်၍ မှောင်ခိုကုန်စည်များ ပြန်လည်ထုတ်ပေးခြင်း ငွေဒဏ်သာ ချမှတ်ခြင်း လုပ်ငန်းစဉ်များကိုသာ လုပ်ကိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုပါသည်။

ထိုသို့ တည်ဆဲဥပဒေအတိုင်း အမြင့်ဆုံး ပြစ်ဒဏ်ဖြင့် အရေးယူနိုင်မှု မရှိသည့် အတွက် လုပ်ငန်းရှင်များ အနေဖြင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ဝင်များအား အကျင့်ပျက် လာဘ်စားသည်ဟု ဆိုကာ လိမ်လည် တိုင်ကြားမှု၊ မှောင်ခိုပျောက်အောင် မင်းတို့မလုပ် နိုင်ပါဘူးဟု ပြောဆိုမှုများ စွပ်စွဲမှုများ ရှိခဲ့သည့်အတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ဝင်တချို့ အနေဖြင့် စစ်ဆေးမှု ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှု ခံယူခဲ့သော်လည်း အဖွဲ့ဝင်များ အနေဖြင့် လာဘ်စားမှု မရှိခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပင် ချီးကျူးခဲ့ကြောင်း ဦးတင်ရဲဝင်း ကဆိုသည်။

''လာဘ်ပေးလာဘ်ယူ လုပ်ငန်းစဉ်တွေကို ကြည့်မယ်ဆိုရင် ၀န်ထမ်းတွေပဲ ပြုတ်တာများတယ်။ တရားမ၀င် မှောင်ခိုတင်တဲ့ လုပ်ငန်းရှင်ကတော့ ဒဏ်ကြေးတောင် မထိဘူး။ ဒီတော့ ယူသူကို အရေးယူရင် ပေးသူကိုလည်း အရေးယူဖို့ လိုလာတယ်။ ကျွန်တော်တို့ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဖမ်းသာဖမ်းနေရတာ သူတို့က ဒဏ်ကြေးလေးဆောင် ပစ္စည်းလေး ထုတ်သွားတော့ ကျွန်တော်တို့လည်း အားယုတ်တယ်'' ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် ဦးတင်ရဲဝင်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ကဏ္ဍတွင် အဓိကအကျဆုံး ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအား ထိန်းချုပ်နိုင်မည် ဆိုပါက တရားမ၀င် ကုန်စည်တင်သွင်းမှု လျော့ကျ လာနိုင်သည်။ ယင်းအပြင် နိုင်ငံအနေဖြင့် အခွန်ဘဏ္ဍာများ ပိုမိုရရှိခြင်း၊ တရားမ၀င် ကုန်စည်အများစုမှာ အဆင့်မမီ ကုန်စည်များသာ ဖြစ်နေသဖြင့် သန်း ၆၀ ကျော်သော မြန်မာပြည်သူများ၏ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား စောင့်ထိန်းနိုင်မည် ဖြစ်သည်။

အလားတူ နိုင်ငံတော်အဆင့် လေ့လာရေး ခရီးစဉ်များတွင် သမ္မတအနေဖြင့် သွားရောက် လည်ပတ်သည့် နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှု စာရင်းများအား လက်ရှိကဲ့သို့ မှောင်ခိုကုန်ကူးမှု မြင့်နေသည့် အတွက် မျက်နှာပျက်ရခြင်း အဖြစ်မျိုးအား ကာကွယ်နိုင်မည် ဖြစ်ပြီး နိုင်ငံ အချင်းချင်းအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များ လုပ်ကိုင်ရာတွင် လွယ်ကူစေမည် ဖြစ်ကြောင်း ဦးတင်ရဲဝင်းက ဆက်လက် ပြောကြားသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုအား ဖမ်းဆီးရာတွင် ပြည်တွင်း ကမ်းရိုးတန်း ဆိပ်ကမ်းများဖြစ်သည့် သာကေတ ဆိပ်ကမ်းနယ်မြေ၊ ယုဇန၊ နန်းသီတာ၊ ၀ါးတန်း၊ ဗားကရာ၊ ချောင်းဝဆိပ်ကမ်း နယ်မြေနှင့် ဘုရင့်နောင်ဆိပ်ကမ်း နယ်မြေများအား စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုအား ပင်လယ်ဝ စောင့်ကြည့် စစ်ဆေးရေး၊ ပဲခူးမြစ်ဝ စောင့်ကြည့်စစ်ဆေးရေး၊ ပုစွန်တောင်ချောင်း တစ်လျှောက် စောင့်ကြည့်စစ်ဆေးရေး၊ ရေကြောင်း လှုပ်ရှားစစ်ဆေးရေး၊ အရန်စစ်ဆေးရေး စသည့် အဖွဲ့များနှင့် စစ်ဆေးသွားမည် ဖြစ်သည်။

လက်ရှိကာလတွင် စစ်ဆေး အရေးယူမှုအား ပညာပေး ကာလအဖြစ် သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး စက်တင်ဘာ ၁ ရက်မှ စတင်ကာ ယခင်အရေးယူမှု မရှိခဲ့သည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူမည် ဖြစ်သည်။ အဆိုပါ ဥပဒေအရ မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်သည် ပြစ်ဒဏ်အလိုက် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်မည် ဖြစ်သည်။

''ရွေ့လျားဖမ်းဆီးရေးအဖွဲ့ စလုပ်တော့ ပင်လယ်ရေကြောင်း ဥပဒေနဲ့ အရေးယူတော့ ဥပဒေမှာ ဒဏ်ကြေးပဲပါတယ်။ လုပ်ငန်းရှင်က မှောင်ခိုတင်သွင်းတာ မလျော့ဘူး။ အခုတော့ ၂၀၁၂ ခုနှစ် အတွင်းမှာ ပြဋ္ဌာန်းခဲ့တဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စပြီး အရေးယူမယ်'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။

အဆိုပါ ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူနိုင်ရန် အစိုးရအဖွဲ့၊ လွှတ်တော် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအပြင် ကုန်သည်စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများကိုပါ ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။