Saturday, August 24, 2013

ဝမ်းကွဲညီမတော်သည့် ကလေးကို အဓမ္မကျင့်သည်ဟု စစ်သားတစ်ဦး အမှုဖွင့်ခံရ

၁၃ နှစ်အရွယ် ကလေးငယ်ကို ၀မ်းကွဲ အကိုတော်စပ်သည့် စစ်သားတစ်ဦးက အဓမ္မပြုကျင်ခဲ့သည်ဟု စွပ်စွဲ တိုင်တန်းထားမှု တစ်ခု ကွမ်းခြံကုန်း ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။

ယင်းအမှုမှာ သြဂုတ် ၁၈ ရက်ည ၁၀ ခန့်က ကွမ်းခြံကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေ့က ကလေးငယ်၏ ဖခင်မှာ ခရီးသွားနေသဖြင့် အဒေါ်ဖြစ်သူ၏ နေအိမ်တွင် သူ့အမဖြစ်သူနှင့်အတူသွား ရောက် အိပ်စက်ခဲ့ရာ ၀မ်းကွဲ အကိုဖြစ်သည့် အသက် ၂၅ နှစ်အရွယ် စစ်သားက အဓမ္မကျင့်ခဲ့ခြင်းဖြစ် သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

အဓမ္မပြုကျင့်ရာတွင်လည်း အဆိုပါ စစ်သားက လူကြီးတွေကို ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီး နှစ်ကြိမ်တိုင် အဓမ္မကျင့်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် ကလေးငယ်က သြဂုတ် ၂၁ ရက်တွင် အခြား အဒေါ်တစ်ဦးကို တိုင်တန်းပြောဆိုခဲ့သည်ဟု ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် ၎င်းကိစ္စကို အဒေါ်ဖြစ်သူကပင် ရာအိမ်မှူးထံသို့ သွားရောက်တိုင်တန်းခဲ့ပြီး ထိုမှတဆင့် ကွမ်းခြံကုန်း ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်းလည်း ရဲဌာနက မှတ်တမ်းတွင်တွေ့ရသည်။

အဓမ္မကျင့်သူအဖြစ် စွပ်စွဲတိုင်တန်းခံရသူမှာ ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ ခမရ-၁၂၃ တပ်မှ တပ်သား ကြည်ဝင်းမောင်ဖြစ်သည်ဟုလည်း ရဲဌာနက အတည်ပြုထားသည်။

အဆိုပါ အမှုကို ရဲစခန်းက အမှုအမှတ် (ပ)၁၆၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီး လတ်တလောတွင် စွပ်စွဲခံရသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ပြစ်မှုထင်ရှားပါက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲမည်ဟု ဆိုသည်။

ထို့အတူ ယင်းနေ့ တစ်နေ့တွင်ပင် ၁၂ နှစ် အရွယ်ကလေးငယ်ကို အသက် ၅၁ နှစ်အရွယ် ဆိုက်ကားသမား တစ်ဦးက အဓမ္မပြုကျင့်သည်ဟု စွပ်စွဲတိုင်တန်းမှုတစ်ခု ဒေါပုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟုလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားသေးသည်။

ဖြစ်စဉ်မှာ အသက် ၁၂ နှစ်ခန့် ကလေးငယ်တစ်ဦးသည် သြဂုတ် ၁၈ ရက် ည ၈ နာရီအချိန်တွင် ဒေါပုံ မြို့နယ် ၁-ဈေးကွေ့အနီး လှည့်လည်သွားနေသည်ကို သာကေတမြို့နယ်တွင် နေထိုင်သူ ဇနီးမောင်နှံ နှစ်ဦးက တွေ့သဖြင့် ကလေးကို နေရပ်လိပ်စာမေးမြန်းရာ မရသဖြင့် နေအိမ်သို့ ခေါ်ဆောင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အိမ်ရောက်သောအခါ ကလေးငယ်မှာ အော့အန်ပြီး လဲလျောင်းနေသဖြင့် အိမ်ရှင်အမျိုးသမီးက မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ကြောင်း တရားလိုထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင် တွေ့ရသည်။

သြဂုတ် ၂၁ ရက်တွင်မူ ကလေးငယ်၏ မအင်္ဂါမှ သွေးများထွက်နေကြောင်း အိမ်ရှင်၏ သမီးဖြစ်သူက ပြောပြသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခြင်းခံထားရသည်ကို ပြောပြသိရှိခဲ့ရသည်ဟုလည်း အိမ်ရှင် အမျိုးသမီးက ရဲကို ထွက်ဆိုထားသည်။

ကလေးငယ်ကို အမျိုးသားကြီးတစ်ဦးက မုန့်ကျွေးမည်ဟုဆိုကာ အမည်မသိ တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်ပြီး အဓမ္မသုံးကြိမ်ကျင့်ကြံခဲ့သည်ဟု ကလေးငယ်က ပြောပြခဲ့သည်ဟု တရားလိုက ဆက်ပြောထားသည်။

အိမ်ရှင်အမျိုးသမီးသည် ၎င်းကိုယ်တိုင် လိုက်လံစုံစမ်းခဲ့ရာ ကလေးငယ်ကို အဓမ္မကျင့်သူမှာ ၁-ဈေးကွေ့ မှတ်တိုင် တွင် ဆိုက္ကားနင်းသော အသက် ၅၀ ကျော်အမျိုးသားကြီးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု တိုင်တန်းချက်တွင် စွပ်စွဲထွက်ဆိုထားသည်။

ထို့ကြောင့် ဒေါပုံရဲစခန်းတွင် လာရောက်တိုင်ကြားခဲ့ရာ အမှုအမှတ်(ပ)၂၆၇/၂၀၁၃ ဖြင့် အမှုဖွင့်ခဲ့ပြီး စွပ်စွဲခံရသည့် အမျိုးသားကြီးကို ရဲများက ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ ၎င်းသည် အမှုကျူးလွန်သည်ဟု သံသယရှိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲမည်ဟု ရဲဌာနက ထုတ်ပြန်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။