Saturday, August 24, 2013

မိုးသည်းထန်စွာရွာသွန်းပြီး ရေလျှံမှုများဖြစ်ပွား

နေပြည်တော်၊ သြဂုတ် ၂၃

၂၂-၈-၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့နယ်ခွဲ၊ စင်ကြိုင် ကျေးရွာအနီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနား-ထိန်းချုံးကားလမ်းပေါ်သို့ မြေပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် ခရီးသည်တင်ယာဉ်ငယ်များသာ လမ်းလွှဲမှဖြတ်သန်းသွားလာနိုင်ပြီး ကုန်တင်ယာဉ်ကြီး များမှာ ကန်ပိုက်တီနှင့်ဝေမိုးရွာတို့တွင် ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

ထို့ပြင် ထိုနေ့ ၁၀၀၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း ပင်လယ် ဒီရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ရာ ၁၀၃၀ အချိန်တွင် ၁၈၀ စင်တီမီတာခန့်အထိမြင့်တက်ခဲ့ပြီး ၁၂၃၀ အချိန်တွင် ဒီရေပြန်လည်ကျဆင်းသွားခဲ့သည်။ ဒီရေမြင့်တက်မှုကြောင့် အုန်းတောကမ်းရွာရှိ လူနေအိမ် ၄ လုံး၏ကြမ်းခင်းပေါ်သို့ ရေအမြင့် ၃၀ စင်တီမီတာခန့်မြင့်တက်ခဲ့သဖြင့် အိမ်ထောင်စု ၄ စု၊ ကျား ၁၀ ဦး၊ မ ၇ ဦး၊ စုစုပေါင်း(၁၇)ဦးတို့အား ၎င်းတို့၏ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်စေလျက်ရှိကြောင်း၊၁၂၃၀အချိန်စတိန်ရွာနှင့်သံဇုံးရွာသို့ဆက်သွယ်ထားသော အရှည် ပေ(၄၀၀)ရှိ သစ်သားတံတားသစ်၊ အရှည်ပေ(၄၂၀)ရှိတံတားအဟောင်းတို့ ပြိုကျပျက်စီးခဲ့သဖြင့် ကျေးရွာအစီအစဉ်ဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ ရေသန့်တစ်လီတာဗူး(၁၂၀)ဗူး၊ ခေါက်ဆွဲခြောက် ၆၀ ထုပ်ပါ ပါကင်ပုံး(၃)ပုံးတို့အားလှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၅၉ အိမ်၊ အိမ်ထောင်စု ၁၇၄ စု၊ လူဦးရေ ၂၄၀ ဦးတို့အား ပင်လယ်ဒီရေမြင့်တက်လာပါက ပြောင်းရွှေ့နိုင်ရေး စီစဉ်ထားရှိကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ ၀၈၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျွန်းသာယာရပ်ကွက်တွင် ၂ ပေခန့်၊ မဇင်းရပ်၊ ကလျာဏီရပ်၊ ဇိုင်းဂနိုင်းတောင်ရပ်၊ ဇိုင်းဂနိုင်းမြောက်ရပ်၊ ကျောက်ကြီးစုရပ်၊ ရွာသစ်ရပ်တို့တွင် ၃ ပေခန့်ရေ၀င်ရောက်ခဲ့ကြောင်းနှင့် ၁၂၃၀ အချိန် ပဲခူးမြစ်၏စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာအနက် ၈၇၈ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ လူထိခိုက်ဒဏ်ရာရရှိမှုနှင့် မိသားစုများနေအိမ်ရွှေ့ပြောင်းရွှေ့မှုမရှိကြောင်း သိရသည်။

၎င်းပြင် ထိုနေ့က ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးချောင်းရေကြီးမြင့်မှုကြောင့် မြို့သစ်(က)ရပ်ကွက် နှင့်(ခ)ရပ်ကွက်တို့တွင် ရေအနက် ၂ ပေမှ ၅ ပေအထိဝင်ရောက်ခဲ့သောကြောင့် မြို့သစ်(က)ရပ်ရှိ အိမ်ခြေ ၂၀၀၊ အိမ်ထောင်စု ၂၀၀ စု၊ ကျား ၅၁၃ ဦး၊ မ ၅၃၇ ဦး၊ စုစုပေါင်း(၁၀၅၀)ဦးတို့အား နီးစပ်ရာဆွေမျိုးသားချင်းများထံသို့လည်းကောင်း၊ မြို့သစ်(ခ)ရပ်ရှိ အိမ်ခြေ ၂၁၊ အိမ်ထောင်စု ၂၁ စု၊ ကျား ၄၄ ဦး၊ မ ၄၉ ဦး၊ စုစုပေါင်း(၉၃)ဦးတို့အား ဒရယ်မီးရပ်ကွက်ရှိ ရွာတန်းရှည်ဘုန်းကြီးကျောင်းသို့ လည်းကောင်း ပြောင်းရွှေ့ပေးခဲ့ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၅)ကျောင်းတို့အား နံနက်ပိုင်းမှစတင်ကာ ခေတ္တပိတ်ထားခဲ့သည်။

ရေလွှမ်းခံရသည့်ပြည်သူများအား ဒိုက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ မြို့ပေါ်အလှူရှင်များပူးပေါင်းကာ ရေသန့်ဆေးပြားများ၊ ထမင်းထုပ်များပေးဝေခဲ့ကြောင်းနှင့် လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထို့အတူ ၂၂-၈-၂၀၁၃ ရက်နေ့ ၁၅၄၅ အချိန် ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမတော်မြို့နယ်မှဗိုလ်တစ်ထောင်မြို့နယ်အထိ ကမ်းနားလမ်း တစ်လျောက် အမြင့်(၁၀)လက်မခန့်ရေလျှံတက်လျက်ရှိရာ လမ်းမတော်မြို့နယ်အတွင်း လမ်းမတော် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ၊ လသာမြို့နယ်အတွင်း လသာယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ၊ပန်းဘဲတန်းမြို့နယ်အတွင်း ပန်းဘဲတန်းယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များ၊ ဗိုလ်တစ်ထောင်မြို့နယ် အတွင်း ဗိုလ်တစ်ထောင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များက ယာဉ်/လမ်းရှင်းလင်းရေး ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ၂၀၀၀ အချိန် လမ်းပေါ်ရှိရေများ ပြန်လည်ကျသွားခဲ့သည်။

ထို့ပြင် ၁၆၃၀ အချိန် ပန်းဘဲတန်းမြို့နယ်အတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပန်းဘဲတန်းမြို့နယ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်၊ကမ်းနားလမ်းနှင့်(၂၇)လမ်းထောင့်၊(၃)ရပ်ကွက်၊ ရွှေဘုံသာအောက်လမ်းနှင့်ဗိုလ် ဆွန်ပက်လမ်းတို့တွင် ရေနုတ်မြောင်းများမှ ရေလျှံတက်ကာ ကားလမ်းမပေါ် (၆)လက်မခန့်မှ(၁)ပေခန့်ထိ ရေလျှံတက်နေကြောင်းသိရှိရသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်ကြည့်ရှုခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာယာဉ်/လမ်းရှင်းလင်းရေးဆောင်ရွက်ပေး လျက်ရှိကြောင်းသတင်းရရှိသည်။

ရဲဇာနည်


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။