Saturday, March 9, 2013

ပြည်သူများ နေ့စဉ်ဂါရ၀ပြုနိုင်ရန် အာဇာနည်ဗိမာန်အား နိုင်ငံတော်အဆင့်နှင့်အညီပြုပြင်မွန်းမံနေ

ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်အား အများပြည်သူနေ့စဉ်ဂါရဝ ပြုနိုင်ရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုင်ငံတော်အဆင့်နှင့်အညီ ပြန်လည်ပြင်ဆင်မွန်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး၌   ပြောကြားသွားသည်။

 

 "၂၀၁၃ ဖေဖော်ဝါရီ (၁၉) ရက် နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လွဲပြောင်းပေးခဲ့ပြီး အာဇာနည်ဗိမာန်ကို   နိုင်ငံတော်အဆင့်နှင့်အညီ ပြန်လည်ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ပြီးပါက အများပြည်သူ ဂါရဝပြုနိုင်ရန် တစ်ပတ်လျှင် ပိတ်ရက်တစ်ရက်သာထားရှိပြီး ဖွင့်လှစ်ရန် စီစဉ်ထားပါတယ်။" ဟု ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယ၀န်ကြီး   ဒေါ်စန္ဒာခင်က ပြောကြားသွားသည်။

 

အာဇာနည်ဗိမာန်ကြီးအား ယခုကဲ့သို့ပိတ်ထားခြင်းအားဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းအား ယခုခေတ် လူငယ်များအနေဖြင့် မေ့လျော့နိုင်ကြောင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ သားသမီးတို့က ဆိုသည်။

 

 "ဒီလိုဖွင့်ပေးလိုက်ရင်တော့ ကောင်းတယ်လို့မြင်ပါတယ်။ အခု ပိတ်ထားတော့ လူငယ်တွေက မကြည့်ရဘူး၊ ဂါရ၀ပြုချင်လည်း မပြုရဘူး။ တချို့တွေဆို အာဇာနည်ဗိမာန်ဆိုတာ ရှိမှန်းတောင် မသိတော့ဘူး။ ကြားဖူးသယောင်ယောင် ဖြစ်ကုန်ကြတယ်။ အထူးသဖြင့် နယ်တွေကလာတဲ့သူတွေ သွားလို့မရ လိုက်ပို့လို့ မရဖြစ်ကုန်တယ်။ ဘာကြောင့် ပိတ်ထားတာလဲ၊ ဘယ်သူပိတ်ထားတာလဲ။ ဒါကြီးက ဘာမှ အန္တရယ်မရှိပါဘူး။" ဟု ဦးရာဇတ်၏သား ဦးလှကြည်က ဆိုသည်။

 

"အများပြည်သူတွေ ကြည့်ရှုခွင့်ရမှာဖြစ်လို့ ဖွင့်လှစ်ပေးရင်တော့ ကောင်းတာပေါ့။" ဟု ဒီဒုတ် ဦးဘချိုသမီး ဒေါ်ချိုကပြောသည်။

 

နိုင်ငံတကာမှနိုင်ငံခေါင်းဆောင်များ၊ အကြီးအကဲများ လာရောက်သည့်အခါ ၎င်းတို့ စိတ်ဝင်စားသည့် နေ့ရာများကို လည်ပတ်သည့် အစီအစဉ်မှာ မြန်မာနိုင်ငံက ကန့်သတ်ရေးဆွဲပေးခြင်းမဟုတ်ပဲ ၎င်းတို့ သဘော ဆန္ဒတောင်းဆိုမှုအရ စီစဉ်ဆောင် ရွက်ပေးခြင်း ဖြစ်သောကြောင့် ဧည့်သည်အဖွဲ့များအနေဖြင့် သွားရောက်ဂါရဝပြု လိုပါက နိုင်ငံခြားရေး ဝန်ကြီးဌာနမှညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းကို လည်း ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ပြောသွားသည်။

 

ယခင်က နိုင်ငံတကာမှ နိုင်ငံခြားသံတမန်များ ၊ ဧည့်သည်တော်များ မြန်မာနိုင်ငံသို့ လည်ပတ်သည့် အခါများနှင့် အာဇာနည်နေ့ ဖြစ်သည့် ဇူလိုင်လ(၁၉)ရက်နေ့၌သာ ပြည်သူများအား ၀င်ရောက် ဂါရ၀ ပြုခွင့်ပေးခဲ့ကြောင်း သိရသည်။

 

၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ တောင်ကိုရီးယား သမ္မတလာရောက် ဂါရ၀ပြုချိန် ဗုံး ပေါက်ခွဲမှု   ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားဧည်သည်တော်များ လာရောက်ဂါရ၀ပြုသည်ကို မတွေရ တော့ပေ။

 

၎င်း ဗုံးပေါက်ကွဲမှုကြောင့် ဒု - ၀န်ကြီးချုပ်အပါအ၀င် အစိုးရခေါင်းဆောင်များ၊ တာဝန်ရှိသူများ၊ သတင်းသမားများ အပါအ၀င် စုစုပေါင်း (၁၇)ဦး သေဆုံးခဲ့သည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။