Saturday, March 9, 2013

ဘဏ်များတွင် ၅,၀၀၀ တန် အတုများ လက်ခံရရှိနိုင်ဟု ဒု-ဝန်ကြီးဆို

ရန်ကုန် (မဇ္ဈိမ)။   ။ နိုင်ငံအတွင်းရှိ ဘဏ်များတွင် ကျပ် ၅,၀၀၀ တန် ငွေစက္ကူအတုများ မလည်ပတ်စေနိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း လည်ပတ်နေသော ငွေကြေးပမာဏအရ ဘဏ်များတွင် ငွေစက္ကူအတုများ လက်ခံရရှိနိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဒုတိယ ဝန်ကြီးက ပြောဆိုလိုက်သည်။

"ကျပ် ၅,၀၀၀ တန် အတုများ နိုင်ငံအတွင်းရှိ ဘဏ်တွေမှာ မလည်ပတ်စေနိုင်အောင် ငွေကြေးဆိုင်ရာ စည်းမျဉ်းတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ငွေစက္ကူအတု-အစစ် ခွဲခြားသည့် စက်တွေနဲ့ပါ ကြပ်မတ်ဆောင်ရွက်လျှက်ရှိသော်လည်း လည်ပတ်နေသော ငွေကြေးပမာဏအရ ဘဏ်များတွင် ငွေစက္ကူအတုများ လက်ခံရရှိနိုင်ပါတယ်" ဟု မတ်လ ၆ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ဒု-ဝန်ကြီး ဒေါက်တာလင်းအောင် က ပြောဆိုသွားခြင်း ဖြစ်သည်။

ကျပ် ၅,၀၀၀ တန် ငွေစက္ကူ စတင်ထုတ်ဝေသည့် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ထိုငွေစက္ကူအတု ၃,၇၅၈ ရွက် (တန်ဖိုး ကျပ် ၁၈,၇၉၀,၀၀၀) စစ်ဆေး တွေရှိရှိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် "ကျပ် ၅,၀၀၀ တန်အတုတွေက ဘဏ်တွေမှာ မလည်ပတ်သော်လည်း စီးပွားရေးလောကမှာ လည်ပတ်
နေနိုင်ပါတယ်"ဟု ဒု-ဝန်ကြီးက ဆက်လက်ပြောကြားသည်။

"ငွေစက္ကူအတုကိစ္စကတော့ (ကျပ်) ၅,၀၀၀ တန်၊ ၁၀,၀၀၀ တန်မှ မဟုတ်ဘူး။ ဒေါ်လာမှာလည်း ရှိတာပဲ။ အချို့ဆို ၅,၀၀၀ တန်၊ ၁၀,၀၀၀ တန်ကို မမြင်ဖူးကြဘူး။ အထူးသဖြင့် နယ်က လူတွေပေါ့။ နယ်ဘက်တွေမှာ မိတ္တူကူးပြီး အတုသုံးကြတာမျိုးတောင် ကြားဖူးတယ်။ အတု ဆိုတာကို သေချာကြည့်ရင် သိသာပါတယ်။ ဒါပေမယ့် ထိခိုက်
လောက်တဲ့ အတိုင်းအတာအထိတော့ မဖြစ်နိုင်ပါဘူး" ဟု စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။