Saturday, March 9, 2013

ဒီချုပ်ညီလာခံမှာ ဗဟိုကော်မတီဝင်(CC)အများစုကို ရွေးချယ်ပြီး

ဒီချုပ် ညီလာခံ ပထမဆုံးနေ့အဖြစ် တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးကနေ တက်ရောက်လာခဲ့တဲ့ ညီလာခံကိုယ်စားလှယ်များက လျှို့ဝှက်မဲပေးစနစ်နဲ့ဗဟိုကော်မတီဝင်အများစုကို   ရွေးချယ်ပေးခဲ့ကြောင်း သိရှိရသည်။

 

ယနေ့ ပြည်နယ်နှင့်တိုင်းများမှ တက်ရောက်လာသော ဗဟိုညီလာခံ ကိုယ်စားလှယ်၈၆၂ ဦးမှ ဗဟိုကော်မတီဝင် အများစုကို လျှို့ဝှက်မဲပေး စနစ်ဖြင့်ရွေးချယ်ခဲ့ပြီး၊ မနက်ဖြန်မတ်လ ၉ ရက်နေ့တွင်လည်း ဆက်လက်ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

`၈၀% ကို ဗဟိုညီလာခံကိုယ်စားလှယ်တွေကနေ မဲစနစ်နဲ့ ရွေးချယ်တင်မြှောက်ပြီးပါပြီ၊ ၂၀%ကိုတော့ ပါတီရဲ့ လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ဖို့အတွက် ရွေးချယ်ခန့်အပ်ဖို့ မူလကတည်းက သတ်မှတ်ထားပါတယ်`ဟု ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးက ပြောသည်။

 

ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်းမရှိသော်လည်း ပါတီ၏ နာယကများနှင့် ကျန်စီအီးစီများအားလုံး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

`ပြည်သူ့လွှတ်တော်တက်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကတော့ စနေနေ့မှ တက်ရောက်ပါမယ်။ ဒီနေ့တော့ တက်ရောက်နိုင်မှာ မဟုတ်ပါဘူး`ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးက ပြောသည်။

  

ပထမနေ့ညီလာခံကို နံနက် ၉နာရီတွင်အခမ်းအနား စတင်ခဲ့ပြီး နာယက ဦးတင်ဦး၊ ဦးဝင်းတင် စသည့် နာယက ကြီးများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

ပြည်နယ်နှင့်တိုင်းများမှ ဗဟိုညီလာခံ ကိုယ်စားလှယ်ပေါင်း ၈၆၂ဦး ကျော် တက်ရောက်ခဲ့ကြပြီး ၊ အခမ်းအနား အဖွင့် မိန့်ခွန်းကို နာယကကြီး ဦးတင်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဖွင့်မိန့်ခွန်းမှာ ပါတီစည်းလုံးရေး မပျက်ပြားဖို့ လိုအပ်ကြောင်းကို အဓိကထားပြီး ပြောကြားသွားကြောင်း အန်အယ်ဒီပါတီ၊ ဗဟိုညီလာခံ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

 

ညီလာခံတွင် ပထမအဆင့်အနေဖြင့် ဗဟိုကော်မတီဝင်များ(CC) ၁၂၀ ဦးနဲ့ အရံ ၃၀ ဦးကို မတ်လ ၈ ရက်နေ့မှာ ရွေးချယ်ကြမှာဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC)ကိုတော့ မတ်လ ၉ ရက်နေ့မှာ   ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

 

`ညီလာခံမှာတော့ပါတီရဲ့ စီစီတွေနဲ့ စီအီးစီတွေကို ရွေးကြမှာဖြစ်ပြီး၊ ပါတီရဲ့ မူဝါဒ ပိုင်းကိုလည်း ဦးစားပေးဆောင်ရွက်ကြမယ်လို့တော့ ခန့်မှန်းမိပါတယ်`ဟု ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။