Friday, March 29, 2013

ဆန်ဈေးကျမည်ကို မစိုးရိမ်ရန် စီးပွားကူးသန်းဝန်ကြီး ပြောကြား


မြန်မာဆန်ကို တရုတ်ဝယ်ယူမှု လျော့နည်းသွားရာ တရုတ်ဈေးကွက်ပျောက်ပြီး ပြည်တွင်းဆန်ဈေးကျဆင်းမည်ကို မစိုးရိမ်ကြ
ရန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးဦးဝင်းမြင့်က ပြောသည်။
ဂျပန်၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ဥရောပနိုင်ငံများသို့ ဈေးကွက်သစ်များ ချဲ့ထွင်နိုင်ရန် ကြိုးစားနေပြီး ပြည်တွင်းဆန်စပါး ထုတ်လုပ်သူများအနေဖြင့် အရည်အသွေးကောင်းထုတ်လုပ်နိုင်ရန်သာ အဓိကထား ကြိုးပမ်းစေလိုကြောင်း မတ်လ ၁၈ရက် မန္တလေးမြို့သို့ရောက်ရှိစဉ် ၀န်ကြီးက ပြောကြားခဲ့သည်။

နှစ်ပေါင်းလေးဆယ့် ခြောက်နှစ်အတွင်း စံချိန်တင်အဖြစ် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၃ သန်း  တင်ပို့နိုင်ခဲ့ရာတွင် တရုတ်နိုင်ငံမှ ဆန်တန်ချိန်ခုနစ်သိန်းခန့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်သည်။
တစ်နှစ်ပတ်လုံး မူဆယ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ယူနန်ပြည်နယ်ဘက်သို့  မြန်မာ ဆန်တန်ချိန်များစွာ   ၀ယ်ယူခဲ့သော တရုတ်နိုင်ငံသည် ၂၀၁၃ ဖေဖော် ၀ါရီလဆန်းပိုင်းမှစ၍ မြန်မာဆန်ဝယ်ယူမှု လျော့နည်းသွားသည်။ မြန်မာဆန်ထက် ဈေးနှုန်းသက်သာပြီး အရည်အသွေးပိုကောင်းသော ဗီယက်နမ်ဆန်များ ၀င်ရောက်လာမှုကြောင့် မြန်မာဆန် ပြည်ပဈေးကွက်ပျောက်ပြီး ပြည်တွင်းဆန်းဈေး၊ စပါးဈေးကျဆင်းမည်ကို ဆန်စပါးလုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။
“အခု ယူနန်က မ၀ယ်တော့ဘူး။ ဈေးကွက်သဘောအရ ကျွန်တော်တို့ဆန်ကလည်း ဗီယက်နမ်ဆန်ကို ဈေးနှုန်းရော အရည်အသွေးရော ယှဉ်မရောင်းနိုင်ဘူး။ မူဆယ်ပို့ဖို့ ၀ယ်ထားတဲ့ ဆန်ကုန်သည်တွေက ပြည်တွင်းဈေးကွက်မှာ ပြန်ချရောင်းနေရတယ်။ ဈေးကွက်ထဲမှာ ဆန်တွေ အီပြီး ကျရိပ်ပြနေတယ်” ဟု မန္တလေးမြို့မှ ဆန်ကုန်သည်ဦးသိန်းဇော်က ပြောသည်။
ယခုနှစ် မြန်မာဆန် ပြည်ပတင်ပို့ခဲ့ရာတွင် တရုတ်နိုင်ငံကိုသာ အားကိုးတင်ပို့ခဲ့ရပြီး ပင်လယ်ရေကြောင်းမှ ပြည်ပတင်ပို့သူတို့ ဆန်တစ်တန်ပို့တိုင်း အမေရိကန်ဒေါ်လာ ၃၀ အရှုံးပေါ်နေကြောင်း ကမ္ဘာ့ဆန်ဈေးထက် ပြည်တွင်းဆန်ဈေးမြင့်နေရာ တရုတ်မှလွဲ၍ အခြားနိုင်ငံ ဈေးကွက်လတ်တလော ရရှိရန် လွယ်ကူမည်မဟုတ်သေးကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ဒေါက်တာစိုးထွန်းက ပြောသည်။
အရည်အသွေးပိုင်းတွင် ဗီယက်နမ်ဆန်ကို မယှဉ်နိုင်သကဲ့သို့ တစ်ဧကချင်း ထွက်နှုန်းတွင်လည်း ထက်ဝက်ခန့်လျော့နည်းနေ၍ ဗီယက်နမ်ဆန်ဈေးအတိုင်း ရောင်းနိုင်မည်မဟုတ်ဘဲ၊ အထွက်တိုးရေး လုပ်ဆောင်ရန်လိုအပ်ကြောင်း ဒေါက်တာစိုးထွန်းက အကြံပြုသည်။
ဧပြီလဆန်းတွင် ဂျပန်မှ ဆန်တန်ချိန် ငါးထောင်စတင်ဝယ်ယူမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံမှလည်း ယခုလအတွင်း ဆန်ဝယ်ယူစာချုပ်ရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးက ပြောသည်။
ဆန်ဈေးကောင်းပေးဝယ်သည့် နိုင်ငံများဖြစ်သော ဂျပန်နှင့် ဥရောပနိုင်ငံများသို့ ရောင်းချနိုင်ရန် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပြီး အရည်အသွေးကောင်းဆန်များ ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်မှ တောင်သူလိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ စိုက်စရိတ်များ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားနေပြီး အဆင့်မီ ဆန်စက်များပေါ်ထွက်လာစေရန်အတွက် ကူညီဆောင်ရွက်ပေးနေကြောင်းဝန်ကြီးက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။