Thursday, February 7, 2013

ငါးဖမ်းသင်္ဘောပေါ်၌ သင်္ဘောသားများကို ညှင်းပန်းနှိပ်စက်မှုများရှိနေ

ထိုင်ဝမ်နိုင်ငံပိုင် တရားမဝင် ငါးဖမ်းသင်္ဘောပေါ်၌ သင်္ဘောသားများကို ညှင်းပန်းနှိပ်စက်မှုများရှိနေကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ (၆) ရက်နေ့တွင်  မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမား အဖွဲ.ချုပ် (MSF) ရုံးတွင် ညှင်းပန်းနှိပ်စက်ခံခဲ့ရသော သင်္ဘောသားများနှင့် ပတ်သက်၍   သတင်းစာ ရှင်းလင်းပွဲ မှ သိရသည်။

 

အဆိုပါ ထိုင်ဝမ်နိုင်ငံပိုင် တရားမဝင်ငါးဖမ်းသင်္ဘောပေါ်၌ နေ့စဉ်ဆန်ပြုတ်နှင့် အသီးအရွက်ကြော်ကိုသာကြွေး၍ အမျိုးမျိုးရိုက်နှက်ညှင်းပန်းကာ အလုပ်ခိုင်းစေခဲ့ကြောင်းကို ၎င်းသင်္ဘောတွင် ၆ လကျော်ကြာ အလုပ်လုပ်ခဲ့သည့် ကိုခန့်လင်းမောင်က ပြောသည်။

 

"သင်္ဘောပေါ်မှာ ဘေးကတွေ့တဲ့အရာနဲ့ ရိုက်ပြီးခိုင်းတာ။ နေရတော့လည်း လူတစ်ကိုယ်စာနေရာမှာ ပစ္စည်းတွေနဲ့ ထားစရာ နေရာမရှိနဲ့ နေရတယ်။ အစားအသောက်က အဓိကပြဿနာပေါ့ လှိုင်းတွေကြီး နေတာတောင် သင်္ဘော ကုန်းပတ်ပေါ်တက်စားရတယ်။" ဟု ကိုခန့်လင်းမောင်က ပြောသည်။

 

အဆိုပါ သင်္ဘောသားများကို တရားမ၀င် ငါးဖမ်းသင်္ဘောပေါ်သို့ ပို့ဆောင်ခဲ့သော ကုမ္ပဏီမှ တိမ်းရှောင်နေသည်ဟု ကိုခန့်လင်းမောင်က ပြောသည်။

 

 "ငါးဖမ်းသင်္ဘောဆိုပေမယ့် သင်္ဘောကြီးက အကြီးကြီးပဲးတဲ့။ ငါဖမ်းတာလည်း စက်ကြီးတွေနဲ့ဖမ်းရမှာ အဲ့းယားကွန်း ခန်းတွေနဲ့ ကောင်းကောင်းမွန်မွန်နေရမှာ ဆိုပြီးပြောတာ။ ကျွန်မကလည်း သိပ်နားမလည်တော့ လွှတ်လိုက်တာ။ ၄ လလောက်နေတော့ သူတို့တွေဒုက္ခရောက်နေတယ်ဆိုပြီး ကလေးတစ်ယောက်က ဖုန်းဆက်တော့မှ သိတာ။"  ဟု ကိုခန့်လင်းမောင်၏ မိခင်က ပြောသည်။

 

မြန်မာနိုင်ငံရှိ သင်္ဘောသားများအား အခကြေးငွေယူပြီး ပုံစံအမျိုးမျိုးဖြင့် လိမ်လည်ပို့ဆောင်သော ကုမ္ပဏီများအား ကာယကံ ရှင်မိသားစုများအနေနှင့် လာရောက်တိုင်ကြားပါက မြန်မာနိုင်ငံရေကြောင်း ပို့ဆောင်ရေးဌာန တာဝန်ရှိ အဖွဲ့အစည်းများမှ အရေးယူနိုင်ရန် အကူအညီပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားအလုပ်သမား အဖွဲ့ချုပ် (MSF)  ဥက္ကဌ ဒေါက်တာတင်လှိုင်မှ ပြောကြားခဲ့သည်။

 

"ကျွန်တော်တို့ဟာ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အသိမှတ်ပြုထားတဲ့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမား အဖွဲ့ချုပ် ဆိုတာပေါ်လာပါပြီ။ လွတ်လွတ်လပ်လပ် ဒီခေတ် ဒီအစိုးရလက်ထက်မှာ တိုင်ကြပါ။ ကာယကံရှင်တွေကိုယ်တိုင် ရဲရဲတင်းတင်းနဲ့ ဖော်ထုတ်တိုင်ကြားမယ်ဆိုရင် ရေကြောင်းပို့ဆောင်ရေးဌာန တာဝန်ရှိအဖွဲ့အစည်းများမှ အရေးယူနိုင်ရန် ကျွန်တော်တို့ကူညီပေးလို့ ရပါတယ်။"ဟု MSF ဥက္ကဌ ဒေါက်တာတင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

"မီဒီယာကနေ ဒါမျိုးတွေအသိပေးခြင်းအားဖြင့် ကြည့်မိလိုက်တဲ့သူ သိသွားတဲ့သူက နောင်ငါဒါမျိုးမဖြစ်ရအောင် ကာကွယ်ရမယ် ဆိုတာသိသွားတာပေါ့။ အဓိကကတော့ ကိုကိုယ်တိုင်သေချာ လေ့လာပါ၊ စုံစမ်းပါ မသိဘူးဆိုရင် နားလည်တဲ့သူတွေကို အကူညီတောင်းပါ။"ဟု ၀ါရင့်သင်္ဘောအရာရှိတစ်ဦးဖြစ်သူက ပြောသည်။

 

အဆိုပါ သင်္ဘောသားများကို မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမား အဖွဲ့ချုပ် (MSF) မှတာဝန်ရှိသူ များနှင့် တောင်အာဖရိကနိုင်ငံရှိ မြန်မာသံရုံး အကူအညီဖြင့် ခေါ်ဆောင်ခဲ့ရကြောင်း သိရသည်။

 

ထိုကဲ့သို့ တရားမဝင် ခိုင်းစေမှုများရှိလျင် သက်ဆိုင်ရာအစိုးရတာဝန်ရှိ အဖွဲ့အစည်းများမှ ထောင်ဒဏ် ၆ နှစ် နှင့် ဒါဏ်ငွေ သုံးသောင်း ထိချမှတ် အရေးယူနိုင်ကြောင်း သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။