Thursday, February 7, 2013

ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး စီမံချက် အောင်မြင်နိုင်မည်လား

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ကျေနပ်အားရမှု ရှိသည့်အလျှောက် ကမ္ဘာ့ဘဏ်အုပ်စုသည် မြန်မာနိုင်ငံ ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပိုမိုအားပေးထောက်ပံ့သွားမည်ဖြစ်ပြီး ဘဏ်အုပ်စု အုပ်ချုပ်ရေး အဖွဲ့က မြန်မာနိုင်ငံ တွင်ဆောင်ရွက်မည့် ကြားဖြတ်မဟာဗျူဟာအစီအစဉ်တစ်ရပ်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

 

ယင်းအစီအစဉ်အရ ကမ္ဘာ့ဘဏ်အုပ်စုသည် မြန်မာနိုင်ငံအတွက် ရေးဆွဲထားသည့် လုပ်ငန်းစဉ်များကို လာမည့် ၁၈ လအတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

 

 ယခုကဲ့သို့အသွင်ကူးပြောင်းရေးကာလတွင် ကမ္ဘာ့ဘဏ်အုပ်စုသည် ပြည်သူအတွက် ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုများ   ဖြည့်ဆီးပံ့ပိုးပေးနိုင်ရန်အတွက် အစိုးရဌာနများကို ပြုပြင်ပြောင်းလဲရာတွင် အကူအညီပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး စီမံချက်ကို ထိပ်တန်း ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် စီးပွားရေးစီမံခန့်ခွဲမှု အရည်အသွေးများ   ပြည့်ဝလာပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအခြေအနေကောင်းများ ဖန်တီးနိုင်ရန် အဓိကကဏ္ဍကြီး (၃) ခုတွင် မူဝါဒရေးရာ အကြံပြုချက်များနှင့် နည်းပညာပံ့ပိုးမှုများကို ဆောင်ရက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

 

ကဏ္ဍ (၃) ခုမှာ အများပိုင်ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ ဘတ်ဂျတ်နှင့် ဦးစားပေးဖွင့်ဖြိုးရေးအစီအစဉ်များကို ပွင့်လင်းမြင်သာစွာ ချိတ်ဆက်ရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ ချေးငွေရရှိရန် အသေးစားချေးငွေ လုပ်ငန်းနှင့်ပါတ်သက်သော လိုအပ်သည့်စည်းမျဉ်း၊ စည်းကမ်းများ ပြင်ဆင်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ထွန်းကားလာပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာရေးအတွက် ပုဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မြှင့်တင်ဆောင်ရွက်ရေး တို့ပါဝင်သည်ဟုသိရသည်။

 

 ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ ချတ်ထရီယမ် ဟိုတယ်တွင် ကမ္ဘာ့ဘဏ်အုပ်စုအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲသို့ စာနယ်ဇင်းသမားတစ်ယောက်အဖြစ် တက်ရောက်ခွင့် ရခဲ့ပါသည်။

 

သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအနက် အသေးစား ချေးငွေလုပ်ငန်းပါ ပါဝင်မည်ကို သိရှိခဲ့ရပါသည်။ အသေးစားချေးငွေလုပ်ငန်းမှာ ကမ္ဘာ့ဘဏ်အုပ်စုကဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အနက် ကျွန်တော်စိတ်အ၀င်စားဆုံး လုပ်ငန်းတစ်ခုဖြစ်ပါသည်။

 

အသေးစား ချေးငွေလုပ်ငန်းနှင့် ပါတ်သက်၍ အတွေ့အကြုံမရှိသော်လည်း အစိုးရမဟုတ်သောအဖွဲ့ အစည်းနှစ်ခု တွင် နှစ်အတန်ကြာ အလုပ်လုပ်ခဲ့ဖူးသည့်အတွက် လူထုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အထိုက်အလျှောက် အတွေ့အကြုံရှိခဲ့ပါသည်။ 

  

 အသေးစားချေးငွေဆိုသည့်အသံကြားလိုက်သည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ပြီး ဂရာမင်န်း( ကျေးလက်ဘဏ်) ကို ထူထောင်ခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်ကို အမှတ်ရစေ ပါသည်။

 

၁၉၇၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အငတ်ဘေးကျရောက်နေသည့်ကာလတွင် အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာမျှဖြင့် မိသားစုဝင် ၄၂ ယောက် ပါဝင်သော အုပ်စုတစ်စုကို ချေးငွေစတင်ထုတ်ချေးပေးခြင်းဖြင့် ၄င်း၏ ဆင်းရဲသား   လျော့နည်းပပျောက်ရေး အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

 

ထိုမျှလောက်သောငွေကြေးဖြင့် ယင်းမိသားစုသည် ခေါင်းပုံဖြတ်အမြတ်ကြီးစားသည့် ခွေတိုးချေးသူများ၏ အန္တရာယ်စက်ကွင်းမှ ရှောင်ကွင်းကာ တပိုင်တနိုင် အရောင်းအ၀ယ်လုပ်ငန်းကလေးကို စတင်ပျိုးထောင်နိုင်ခဲ့သည်။

 

ထိုသို့အနည်းငယ်မျှလောက်သော ငွေကြေးကလေးကပင်လျှင် မိသားစုဝင်အမြောက်အမြားကို အကျိုးပြုနိုင်သည် ဆိုပါက အသေးစားချေးငွေလုပ်ငန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆင်းရဲသားတစ်ပြုံတစ်မကြီင်္းအတွက် မလွဲမသွေ အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ယူနွတ်ယုံကြည်ထားခဲ့သည်။

                                                                                                                                                         

ဂရာမင်းန်ဘဏ်ဆိုသည်မှာ မိုဟာမက်ယူနွတ်၏ အတွေးစိတ်ကူးမှ ပေါ်ထွက်လာသည့် ရလဒ်တစ်ခုဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စိတ်ဝင်စားသည့်လူတိုင်း မိုဟာမက်ယူနွတ်နှင့် ဂရာမင်းန်ဘဏ်အကြောင်းကို သိကြပါသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆင်းရဲသားလျော့နည်းပပျောက်ရေးအတွက် ဦးတည်ဆောင်ရွက်သော အသေးစားချေးငွေ လုပ်ငန်းများ အောင်မြင်မှု ရရှိနေပါသည်။ ကျွန်တော်တို့ဆီမှာရော..။

 

၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ကျွန်တော် ထိုင်းနယ်စပ်နဲ့ကပ်နေတဲ့မြို့လေးတစ်မြို့မှာရှိနေသည်။ ထိုစဉ်က အမေရိကန်စီးပွားရေးပညာရှင်တစ်ယောက် ရေးဆွဲထားသော စီမံချက်ကို အခြေပြုကိုးကားပြီး အစိုးရက အသေးစား ချေးငွေလုပ်ငန်းကို ဆောင်ရွက်တော့မည်ဆိုသည့် သတင်းကိုကြားရသည်။

 

သတင်းကြားရတော့ ဆင်းရဲသားအားလုံး ပျော်ကြရသည်။ ကျွန်တော်လည်း သတင်းကြားသည်နှင့် ကိုယ့်အစိုးရ အတွက် ဂုဏ်ယူနေမိသည်။ အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို မြင်ရတော့မည်ဆိုသည့်အသိဖြင့် မျှော် လင့်စောင့်စား နေမိသည်။

 

သုံးလခန့် ကြာသောအခါ ထွေ/အုပ်ကစေလွှတ်သော ၀န်ထမ်းအဖွဲ့တစ်ဖွဲ့ ကျွန်တော်နေထိုင်သော တံငါရွာကလေးသို့   ရောက်လာကြသည်။ ထိုအဖွဲ့သည်  ဆင်းရဲသား လျော့နည်းပပျောက်ရေး စီမံချက်အတွက် ဆင်းရဲသားစာရင်းများ   ကောက်ယူရန် ကျေးရွာအာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးကြသည်။

 

ကျေးရွာအာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး နှစ်ပတ်ခန့်အကြာတွင် ဆယ်အိမ်မှူး/ ရာအိမ်မှူးများပါဝင်သော အုပ်စု အသီးသီးသည် ရွာရှိ ဆင်းရဲသား စာရင်းကိုကောက်ယူပါတော့ပါသည်။

 

စီမံချက်လုပ်ငန်းတစ်ခုအတွက် အသက်တမျှ အရေးကြီးလှသော Assessment အား ၄င်းတို့ဆောင်ရွက်ပုံကိုကြည့်ပြီး အံ့သြမိသည်။ မည်သည့်အတွက်ကြောင့် ယင်းကဲ့သို့ ပြီးစလွယ်လုပ်သည်ကို ခင်မင်ရင်းနှီးသော ၀န်ထမ်းတစ်ယောက် အား မေးကြည့်ရာ အထက်ကခိုင်းတဲ့ အတိုင်း လုပ်ရသည်ဟုသာ ပြောသည်။ 

 

အသေးစားချေးငွေများ လာရောက်ထုတ်ပေးသောနေ့တွင် ငွေလာထုတ်သည့် ဆင်းရဲသားအုပ်စုဆိုသူများကို ကြည့်လိုက်သောအခါ ရပ်ကွက်အတွင်း ငွေတိုးချေးစားနေသူအချို့ကို တွေ့ရပါသည်။

 

ပြည်နယ်နှင့်တိုင်းအချို့တွင်လည်း ထိုကဲ့သို့အဖြစ်မျိုးရှိသည်ဟု ကြားရပါသည်။

 

စီမံချက်လုပ်ငန်း တစ်ခုအတွက် အသက်တမျှအရေးကြီးသော စာရင်းအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို စီမံချက်လုပ်ငန်းများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးဂရုဓမ္မထား၍ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း  ကျွန်တော်တို့နိုင်ငံအတွင်း လာရောက်ကူညီပံ့ပိုးကြမည့် အဖွဲ့အစည်းတိုင်းကို ကြိုတင်အသိပေး မေတ္တာရပ်ခံ လိုပါသည်။

 

လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ခြင်းမပြုဘဲ ဆင်းရဲသားအမည်ခံထားသည့် ငွေတိုး ချေးစားသူများကို အသေးစားချေးငွေ (Microfinance) ထုတ်ပေးလိုက်ခြင်းသည် ကိုယ်တိုင် မည်သည့်ပြစ်မှုမှ မကျူးလွန်ပါဘဲ မှားယွင်းစွာပြစ်ဒါဏ်ချမှတ်ခံရသော အပြစ်မဲ့ပြည်သူတစ်ဦးခံစားရသကဲ့သို့ အမှန်တကယ် အလုပ်လုပ် ရန် စိတ်အားထက်သန်ပြီး အရင်းအနှီးမရှိသည့် ဆင်းရဲသားတစ်ဦးအတွက် အလွန်ထိခိုက်နစ်နာစေပါသည်။

 

စီမံချက်လုပ်ငန်းတစ်ခုအတွက် အလှူရှင်များကိုသာမက ကျွန်တော်တို့ဝန်ဆောင်မှု ပေးနေသည့် လူထုကိုပါ အစစအရာရာ အစစအရာရာ တာဝန်ခံရမည်ဖြစ်ပါသည်။ သို့မှသာ ကျွန်တော်တို့၏ ကြိုးပမ်းမှုများ အချည်းနှီး မဖြစ်အောင် ဆောင်ရွက်နိုင် ပါလိမ့်မည်။ သို့မှသာ ကျွန်တော်တို့ မျှော်မှန်းထားသည့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံချက် လုပ်ငန်းများ   အောင်မြင်ပါလိမ့်မည်။

 

မျှော်လင့်ချက်ကလွဲ၍ ဘာမှမရှိသော ဆင်းရဲသားတို့၏အိပ်မက်ကို မျက်ကွယ်ပြုပြီး ဆင်းရဲသားအမည်ခံ သရဲမရဲစီးနေသော အမြတ်ကြီးစား ငွေတိုးချေးစားသူများကို စီမံချက်လုပ်ငန်း တစ်ခုခုမှ အသေးစားချေးငွေများ ထုတ်မပေးသင့်ဟုထင်ပါသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။