Thursday, February 7, 2013

ဆေးတက္ကသိုလ်မှ ကျောင်းထုတ်ခံရသော ကျောင်းသားများ ဆန္ဒပြရန် စီစဉ်

မန္တလေး ဆေးတက္ကသိုလ်မှ ကျောင်းခေါ်ချိန်မပြည့်မီခြင်းကြောင့် ကျောင်းထုတ်ခံရသည့် ကျောင်းသား ကျောင်းသူများ စုပေါင်းကာမန္တလေးမြို့တွင်ဆန္ဒပြရန်အစီစဉ်ရှိသည်ဟု ကျောင်းထုတ်ခံရသည့် ကျောင်းသားအချို့ကပြောသည်။

 

ထိုသို့ကျောင်းထုတ်ခံရသော ကျောင်းသားများအနေဖြင့်  ကျောင်းခေါ်ချိန်မပြည့်မီရုံဖြင့် ကျောင်းထုတ်ခြင်းကိုဆန္ဒပြ လိုခြင်းဖြစ်ကြောင်း ကျောင်းထုတ်ခံရသူ ကျောင်းသားများက ဆိုသည်။

 

ထိုကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များထံသို့ စာဖြင့် ရေးသားတိုင်ကြားထားကြောင်း၊ လွှတ်တော်မှပြန်လည် တုန့်ပြန်ခြင်း မရှိပါက ဆန္ဒပြတောင်းဆိုသွားမည်ဟု ကျောင်းထုတ်ခံရသည့် ဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသား   မောင်သစ်လွင်ထူးက ပြောသည်။

 

"ကျွန်တော်တို့ ကြိုးစားတာ အောင်မြင်မှု မရတဲ့အထိ ဆက်သွားမှာပါ" ဟု ကျောင်းထုတ်ခံရသည့် မောင်သစ်လွင်ထူးက ပြောသည်။

 

ကျောင်းထုတ်ခံရသည့် ကျောင်းသားများအား ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး မန္တလေးမှ ဗမာနိုင်ငံလုံးဆိုင်ရာ   ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်က  ၀ိုင်းဝန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းအဖွဲ့ချုပ်မှ အဖွဲ့ဝင် ဘုန်းမြတ်စိုးက ပြောဆိုသည်။

 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ မူငါးချက်မှ တစ်ချက်တွင် ကျောင်းသားထုအခွင့်အရေးကို ကာကွယ်ရေးဆိုသည့် မူဝါဒ ပါရှိနေခြင်းကြောင့် ကျောင်းသား  ၊ ကျောင်းသူများ၏ အခွင့်အရေးနှင့် ပတ်သက်ပြီး အမြဲမပြတ် စောင့်ကြည့်ကာ ကျောင်းသားများ ဘက်မှ   ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဗကသအဖွဲ့ကိုဘုန်းမြတ်စိုး က ဆိုသည်။

 

မန္တလေးဆေးတက္ကသိုလ်မှ ကျောင်းသားများကို ၂၀၀၈ခုနှစ်မှစတင်၍ တစ်နှစ်လျှင် ကျောင်းသား ၊ ကျောင်းသူ (၁၅၀)ဦးရေခန့် ကို ကျောင်းမှ ထုတ်ပယ်ပြီး ၂၀၁၁ခုနှစ်အထိ (၄၀၀)ကျော်ကို ထုတ်ပယ်လျက်ရှိသည်ဟု အဆိုပါ ကျောင်းမှ ငွေစာရင်းကိုင်သည့် ၀န်ထမ်းတစ်ဦးက ဆိုသည်။ ကျောင်းထုတ်ပယ်ရသည့်အကြောင်း အရင်းမှာလည်း ကျောင်းခေါ်ချိန်မပြည့်မီခြင်း ၊ ကျောင်းအပ်နောက်ကျခြင်း နှင့် စာမေးပွဲကျရှုံးခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။