Monday, January 21, 2013

ပန်းခူးသွားစဉ် ကလေးငယ် သုံးဦး မိုင်းနင်း မိမှုဖြစ်ပွား

ဗန်းမော်- မန်ဝိုင်းကြီး ကားလမ်းမဘေး မန်းဝိန်းကြီး စိန့်ပထရစ်ချပ်က် ဒုက္ခ သည် စခန်းနှင့် ၅ မိုင်ခန့်အကွာ ကားလမ်းမဘေးတွင် ဇန်န၀ါရီလ ၂၀ ရက် ကလေးငယ် သုံးဦး ပန်းခူးသွားစဉ် မိုင်းနင်းမိ မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မိုင်းနင်း မိမှုကြောင့် တစ်ဦးမှာ နေရာ၌ ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိ၍ နမ့်ခမ်းပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူခဲ့ရကြောင်း တစ်ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါကလေးငယ်များမှာ ကျောင်းပိတ်ရက် ပန်းရောင်းရန် ပန်းခူးသွားစဉ် ယခုကဲ့သို့ မိုင်းနင်းမိမှုဖြစ်ပွားခဲ့ကြောင်း၊ မိုင်းနင်းမိသည့် ကလေးငယ် သုံးဦးစလုံး အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကလေးများဖြစ်ကြောင်းသိရသည်။ "ပန်း သွားခူးကြတာ အနွေးထည်မရှိလို့ ၀ယ်ဖို့ဆိုပြီး၊ အခု လက်နဲ့ပေါင်နဲ့လှုပ်လို့မရဘူး"" ဟု မိုင်းနင်းမိ၍ နမ့်ခမ်းဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူရသူ ကလေးငယ် ဆန်မိုင်ကပြောသည်။

မိုင်းနင်းမိမှုကြောင့် ၄င်းသည် ဦးခေါင်း ၊ လက်၊ ၀မ်းဗိုက်နှင့် တင်ပါးတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ဗုံးဆံစ ၂၀ ခုကျော် ထုတ်ယူခဲ့ရကြောင်း နမ့်ခမ်းပြည်သူ့ဆေးရုံ တာဝန်ကျ သူနာပြု ဆရာမတစ်ဦးကပြောသည်။ အဆိုပါအရပ်ဒေသ၌ မြန်မာ့ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော်နှစ်ခုစလုံးရှိသဖြင့် မိုင်းမှာ မည်သည့်ဖက်က ထောင်သည့်မိုင်းမှန်း မပြောတတ်သော်လည်း ယခုကဲ့သို့ မိမိကလေးငယ်မိုင်းနင်းမိသည့် ဖြစ်စဉ်အပေါ် များစွာဝမ်းနည်းမိကြောင်း အဆိုပါ ကလေးငယ်၏ဖခင် ဦးဂွန်မိုင်ကဆိုသည်။

" အခုဒီလိုဖြစ်လာ( တိုက်ပွဲများဖြစ်နေခြင်းကို ဆိုလိုခြင်းဖြစ်) တော့ အရင်ကလိုတောင်ယာလည်းကောင်းကောင်းမလုပ်နိုင်တော့ စီးပွားရေးအဆင်မပြေတော့ဘူး။ စီးပွားရေးကျပ်တည်းချိန် ဒီလိုကလေးတွေက ပန်းခူးရောင်းရတော့ အခုလိုဖြစ်လာတာ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ အရမ်းဝမ်းနည်းတာပဲ"" ဟု ၄င်းကပြောသည်။ အဆိုပါ နေရာသို့ လူကြီးမိဘများမှ ကလေးငယ်များအား သွားစေခိုင်းခြင်းမရှိသော်လည်း ကလေးငယ်များမှာ တရုတ်ပြည်သို့ရောင်းချရာတွင် ဈေးကောင်းရသည့်အတွက် ပန်းခူးရန် အဆိုပါနေရာသို့သွားလေ့ရှိကြခြင်းဖြစ်ကြောင်း ၊ ပန်းမှာ သစ်ခွအနွယ်ဝင်ပန်းတစ်မျိုးဖြစ်ပြီး တစ်ပိဿလျှင် တရုတ်ငွေ ၅ ထောင် ( မြန်မာငွေ ၇ သောင်းခန့်) ရရှိကြောင်းသိရသည်။

ပန်းခူးသွားစဉ် ကလေးငယ်သုံးဦးမိုင်းနင်းမိမှုဖြစ်ပွား

ဥာဏ်လင်းအောင် (နမ့်ခမ်းမှ ပေးပို့သည်)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။