Monday, January 21, 2013

တိုင်ကြားခံရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဒုတိယအကြိမ်ပြန်လည်ရွေးချယ်ပွဲ ကျင်းပ

ပြဿနာများဖြစ်ပွားခြင်းနှင့် တိုင်ကြားမှုများဖြစ်ပွားခဲ့သော ဧရာဝတီတိုင်းအတွင်းမှ ရပ်ကွက် ၊ ကျေးရွာအချို့တွင် ဒုတိယအကြိမ်မြောက်အဖြစ် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများအား ဇန်န၀ါရီ (၂၀)ရက်နေ့က ပြန်လည်ကျင်းပခဲ့ကြောင်း သိရသည်။

 

လက်ရှိအုပ်ချုပ်ရေးမှူးများ၏ အကွက်ချ စီစဉ်မှုများ ၊ မြို့နယ်ထွေ/အုပ်ဌာနမှ ခန့်ထားသော ရပ်/ကျေး ရုံးစာရေး များ၏ ခြယ်လှယ်မှုများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ စီမံကွပ်ကဲမှု အားနည်းချက်စသည့် အားနည်းချက်များကြောင့် ကန့်ကွက်မှုများစွာဖြစ်ပေါ်လာခဲ့ပြီးနောက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ကို ဒုတိယအကြိမ် ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

"ရပ်/ကျေး ဥပဒေတွေကို မလိုက်နာဘဲ ထင်သလို လုပ်လို့ရတဲ့ ခေတ်လို့မှတ်ပြီး လုပ်ကြတော့ ပြဿနာတွေ တက်ကြတာပေါ့ တကယ်တမ်း ရပ်ကွက်က မှန်မှန်ကန်ကန်ရွေးချယ်ခွင့်ရမယ် ဆိုရင်တော့ နှစ်ခါမဟုတ်ဘူး ဆယ်ခါရွေးလည်း ဒီလူပဲ ဖြစ်နေမှာ" ဟု ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနှင့်ပတ်သက်၍ ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

 

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား နိုင်ငံသားဖြစ်သူ ၊ မိသားစုစားဝတ်နေရေး ဖူလုံမှုရှိသူ ၊ သင့်တင့် သောပညာအရေးအချင်းနှင့် ဒေသက ကြည်ညိုလေးစားသိက္ခာ သမာဓိရှိသူ ရပ်ကွက်အတွင်း အနိမ့်ဆုံး(၁၀) နှစ်နေထိုင်လျက်ရှိသူ စသည့် အရည်အချင်း (၁၁)ချက်နှင့် ညီညွတ်သူကို ပြည်သူ လူထုရွေးချယ်ထားသော ရပ်မိရပ်ဖ (၅)ဦးအား ကြီးကြပ်ရေးကော်မတီအဖွဲ့အဖြစ်လည်းကောင်း ထို(၅)ဦးမှ စိစစ်ရွေးချယ်သော ဆယ်အိမ်ခေါင်း(ဆယ်အိမ်စုကိုယ်စားလှယ်)များမှ မဲပေးရွေးချယ်ခြင်း ဖြစ်သည်။

 

သို့သော် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ရွေးချယ်ခဲ့မှုများတွင် ဥပဒေနှင့်ကိုက်ညီမှုမရှိသော မသမာမှုများ နေရာအနှံ့အပြားတွင်   ဖြစ်ပေါ်ခဲ့သလို  တိုင်ကြားချက်များရှိလာခြင်းကြောင့် ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် အဆိုအနေဖြင့် တင်သွင်းရသည်အထိ ကျယ်ပြန့်ခဲ့ပြီး တိုင်းလွှတ်တော်၏ စံချိန်တင် အရေအတွက်ဖြစ်သော ကိုယ်စားလှယ်(၃၆)ဦး အထိ ၀င်ရောက်ဆွေးနွေး ထောက်ခံခဲ့ကြောင်းကိုလည်း ကိုယ်စားလှယ်များထံက သိရသည်။

 

" တစ်ချို့နေရာတွေမှာဆို လက်ရှိအုပ်ချုပ်ရေးမှူးနဲ့ စာရေးတွေက ကြီးကြပ်ရေးမှူး (၅)ယောက် ရွေးကတည်းက သူတို့ရဲ့ လူသုံးယောက်လောက်ကို ထည့်ထားတော့ ရွေးချယ်တဲ့နေ့တွေမှာ ရန်တွေထဖြစ်ပြီး ပွဲပျက်ခဲ့ရတာတွေရှိတယ်" ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

 

အချို့ဒေသများတွင် ဒေသနေပြည်သူများမှ မိမိတို့အား အနီးကပ်အုပ်ချုပ်မည့်သူ ရွေးချယ် နေသော်လည်း မိမိတို့နှင့်မဆိုင်သလိုပင်နေပြီး ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြသေးကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

 

 "တစ်ချို့ကျေးရွာက လူတွေက ကျွန်တော့်ကိုလာပြောကြတယ်။ အုပ်ချုပ်ရေးမှူးပြန်ရွေးတော့မှပဲ ကျွန်တော်တို့ရွာလေးနှစ်ခြမ်းကွဲတော့တယ်တဲ့ ကျွန်တော်ကလည်း ကွဲပါစေ ၊ ရွေးကောက်ပွဲတစ်ခု လုပ်ရင် အိမ်တအိမ်တည်းမှာရှိတဲ့ မိသားစုဝင်အချင်းချင်းတောင် ဟိုပါတီ ၊ ဒီပါတီနဲ့ ကွဲကြသေးတာပဲ၊ ဒါမှပဲ ကိုယ့်စိတ်ကြိုက် ကိုယ်မဲထည့်ပြီး အများစုဆန္ဒကိုလိုက်လျောရတဲ့ ဒီမိုကရေစီနဲ့ ကျင့်သားရသွားမှာပါ" ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်က ပြောသည်။

 

ရွေးချယ်ခံရသော အုပ်ချုပ်ရေးမှူး၏ သက်တမ်းမှာ ပြည်သူ့လွှတ်တော်သက်တမ်းနှင့် အညီ သက်တမ်းရှိမည်ဖြစ်ပြီး တရားဝင်လစာ(၇)သောင်းကျပ်နှင့် ရုံးသုံးစရိတ်(၅)သောင်းကျပ် ရရှိ မည်ဖြစ်သည်။

 

ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ(၆)သန်းခန့်နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေ အများဆုံးဖြစ်သော တိုင်းဒေသကြီးဖြစ်ပြီး ကရင် ၊ ရခိုင် ၊ ဗမာ ၊ တိုင်းရင်းသားလူမျိုး(၃)ခု အဓိက နေထိုင်လျှက်ရှိကာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရုံးပေါင်း(၂၁၆၅)ရုံးအထိ ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။