Monday, January 21, 2013

ငြိမ်းကော်မတီ ကမ်းလှမ်းစာအား KIO အကြောင်းပြန်မည်၊ Electronic Online အခက်အခဲရှိ

စံခလပူရီ (မဇ္ဈိမ)။   ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ တွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းချက်အား မကြာမီ ရက်ပိုင်းအတွင်း အကြောင်းပြန်သွားမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။ 

"အခု လူကြီးတွေက ဆွေးနွေးတိုင်ပင်တာ၊ အမြင်စုစည်းတာ လုပ်နေပါတယ်။ မကြာခင် ကာလမှာတော့ ကျနော်တို့
ပြန်ကြားစာတစောင် ပြန်ကြားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြော
သည်။ 

KIO နှင့် တွေ့ဆုံ ညှိနှိုင်းမှုများ ဆောင်ရွက်လိုကြောင်းကို ဇန်နဝါရီလ ၁၉ ရက် နေ့စွဲဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်
ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးက KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား ထံ လိပ်မူ ပေးပို့ထားခဲ့ခြင်း ဖြစ်သည်။ 

ထိုကမ်းလှမ်းစာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ပြည်သူ့လွှတ်တော်၏ "ကချင်ပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခများကို နှစ်ဖက် တာဝန်ရှိသူများ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြရန်အတွက် ခက်ခဲမှု ရှိနေစဉ်
ကာလအတွင်း ပွင့်လင်းမြင်သာသော Electronic Online ဆွေးနွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိရန် ထုတ်ပြန်ခြင်းများဖြင့်" ဟူသည့် တိုက်တွန်းချက်အရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက စတင် လုပ်ဆောင်သည့်သဘော ဖြစ်သည်။ 

KIO ဘက်ကမူ ထိုသို့ Electronic Online (ခေတ်မီ အွန်လိုင်း နည်းပညာများဖြင့်) ဆွေးနွေးရန်အတွက် ၎င်းတို့တွင် စက်မှုပိုင်းဆိုင်ရာ ပစ္စည်းများ အဆင်ပြေလိမ့်မည် မဟုတ်ကြောင်းနှင့် ထိုဆွေးနွေးမှုသည် လက်တွေ့မကျသည့် လုပ်ရပ် ဖြစ်ပြီး အစိုးရဘက်က ၎င်းတို့ ထိန်းချုပ်ထားသည့် မီဒီယာကို အသုံးချကာ အပေါ်စီးရအောင် လုပ်ဆောင်
မည့် အစီအစဉ်သာ ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။ 

"မနေ့က ကျနော်တို့ရဲ ထုတ်ပြန်ချက်ကို သူတို့ MRTV ထဲမှာ ဖော်ပြသွားတဲ့အခါမှာ အဓိကအချက် ဖြစ်တဲ့ ကချင်
ဒေသအနှံ့မှာ ထိုးစစ်လုပ်နေတဲ့ စစ်ဆင်ရေးကို အရှိန်လျှော့ချဖို့ ဆိုတဲ့ ရေးထားတာကို မဖော်ပြဘဲနဲ့ နောက်ဆုံး
အချက် ဖြစ်တဲ့ ရှေ့အလားအလာကောင်းများ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းရှိတယ် ဆိုတာကိုပဲ ကွက်ပြီးတော့ သူတို့လိုချင်တဲ့ဟာကိုပဲ ယူသုံးတာမျိုးပေါ့" ဟု ဦးလနန် က ပြောသည်။ 

KIO ဗဟိုကော်မတီ၏ ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်တွင် "မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် စစ်ရေး
လှုပ်ရှားမှုကို လဂျားယန်ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်း မဟုတ်ဘဲ ကချင်ဒေသအနှံ့ မြန်မာ့တပ်မတော်၏ ထိုးစစ်
ဆင် စစ်ရေးလှုပ်ရှားမှုများကို လျှော့ချသင့်သည်" နှင့် "ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်
ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် မှတဆင့် ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်
သည်" ဟု ပါရှိသည်။ 

၎င်းပြင် အစိုးရအနေနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လိုပါက မိမိပေးထားသည့် ကတိအတိုင်း လိုက်နာရန် လိုကြောင်းကိုလည်း KIO ဗဟိုကော်မတီဝင်နှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင် က ပြောသည်။ 

"သူတို့ ပြောတဲ့အတိုင်း သူတို့ လိုက်နာတယ် ဆိုရင်တော့ ဖြစ်ကိုဖြစ်တယ်။ ဒါပေမယ့် အခုဟာက နာရီပိုင်းအတွင်း
မှာပဲ သူတို့ပေးထားတဲ့ကတိကို သူတို့ပဲ ပြန်ဖောက်တယ်ဆိုတော့ ကိုယ်စီကိုယ်ငှ စဉ်းစားကြည့်ကြပေါ့ဗျာ" ဟု မဇ္ဈိမ
ကို ပြောသည်။ 

ကချင်ဒေသ စစ်ဆင်ရေးများကို စနေနေ့ (ဇန်နဝါရီလ ၁၉ ရက်နေ့) နံနက် ၆ နာရီမှ စတင်ကာ ရပ်ဆိုင်းမည်
ဖြစ်ကြောင်း သမ္မတရုံးက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း ဇန်နဝါရီလ ၁၉ ရက်နေ့တွင် လဂျားယန်ဒေသအနီး လိုင်ဇာနှင့် ၆ မိုင်ကွာဝေးသည့် လဝါယန်ရွာ အနီးတွင်လည်းကောင်း၊ ၂၀ ရက်နေ့တွင် လိုင်ဇာနှင့် ၉ မိုင်ကွာဝေးသည့် ခရာဘွမ် ကျေးရွာ အနီးတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားဆဲ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။