Sunday, September 9, 2012

မြန်မာဆိုးသွမ်းပရိတ်သတ်ကြောင့် ဒဏ်ငွေဆောင်ရ

ရန်ကုန် (မဇ္ဈိမ)။         ။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် AFC U-22 ချန်ပီယံရှစ် ခြေစစ်ပွဲ
(Group-G)ပွဲစဉ်များတွင် ပရိသတ်အချို့၏ ဆိုးသွမ်းသည့်အားပေးမှုများကြောင့် အာရှဘောလုံးအဖွဲ့ချုပ်
(AFC) မှ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အား ဒဏ်ငွေ ဒေါ်လာ နှစ်သောင်းရှစ်ထောင် ပေးဆောင်ရန်
ပြစ်ဒဏ်ချမှတ်လိုက်သည်။


ပြီးခဲ့သည့် ဇွန်လ(၂၃)ရက်နေ့မှ ဇူလိုင်လ(၃)ရက်နေ့အထိ သုဝဏ္ဏကွင်းတွင်ကျင်းပခဲ့သော ပွဲစဉ်(၅)ပွဲတွင် ဒဏ်ငွေချမှတ်ခံခဲ့ရသောပွဲစဉ်(၄)ပွဲအတွက် ဒဏ်ငွေသတ်မှတ်ခြင်းဖြစ်သည်။

AFC စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် U-22 ပွဲစဉ်များအားတာဝန်ယူကိုင်တွယ်သည့် ပြိုင်ပွဲကြီးကြပ်သူ (Match Commissioner)များ၏ အစီရင်ခံစာများအား စစ်ဆေးပြီးနောက် ယခုကဲ့သို့ ဒဏ်ငွေပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

AFC စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေဖြင့် မြန်မာ-ဖိလစ်ပိုင်ပွဲစဉ်တွင် ပွဲကြည့်စင်ပေါ်၌ မီးရှူးမီးပန်း
များကိုင်ဆောင်ခြင်း၊ ကွင်းအတွင်း ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ကြောင့် ဒဏ်ငွေအဖြစ် အမေရိကန်
ဒေါ်လာ (၁၀၀၀၀)ပေးဆောင်ရန်ဆုံးဖြတ်ခဲ့သည်။ ၎င်းအပြင် မြန်မာ-ဗီယက်နမ်ပွဲစဉ်နှင့် မြန်မာ-ကိုရီးယား ပွဲစဉ်များတွင်လည်း မီးရှူးမီးပန်းများထွန်းညှိမှုကြောင့် ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ(၅၀၀၀) စီပေးဆောင်ရန်ချမှတ်ခဲ့သည်။

ထို့အတူ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်သည့် မြန်မာ-မလေးရှားပွဲစဉ်တွင်လည်း မီးရှူးမီးပန်းများထွန်းညှိမှု၊ ပွဲကြည့်စင်ဝင်ဆံ့မှုတို့ထက်ကျော်လွန်ကာ ကွင်းအတွင်းရှိ ဆောက်လုပ်လက်စပွဲကြည့်စင်နေရာများအထိ ပရိသတ်များသွားရောက်အားပေးမှုတို့ကြောင့် ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ(၈၀၀၀) ချမှတ်ခဲ့သည်။ ထို့အတွက်ကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာနှင့်တရုတ်တိုင်ပေတို့ ကစားသည့်ပွဲမှလွဲ၍ အခြားပွဲစဉ်များအားလုံးကို ဒဏ်ငွေပေးဆောင်ခဲ့ရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် AFC ၏ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် အယူခံဝင်သွားမည်မဟုတ်ပဲ ဒဏ်ငွေစုစုပေါင်း (၂၈၀၀၀)ကိုပေးဆောင်သွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်၏မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က မဇ္ဈိမ ကိုပြောသည်။

“ဒါမျိုးဖြစ်တာများရင် နောက်လာမယ့်နိုင်ငံတကာပွဲတွေယှဉ်ပြိုင်ခွင့် ပိတ်ပင်တာမျိုး၊ ပရိသတ်မပါပဲ ပြိုင်ရတာ
မျိုး တွေဖြစ်လာနိုင်တယ်။ ပရိသတ်သုံးသောင်းကျော်လောက်လာကြည့်တဲ့ အထဲမှာ(၂၀၀)ကျော်လောက်ကပဲ လုပ်တာဖြစ်ပြီး အဲဒီလူနည်းစုရဲ့ အပြုအမူကြောင့်ပဲ AFC ကအရေးယူခဲ့တာပါ။ အဖွဲ့ချုပ်အနေနဲ့ ဘယ်လောက်ပဲ ပညာပေးတာမျိုးလုပ်လုပ် ပရိသတ်တွေအနေက လိုက်နာမှအောင်မြင်တာပါ။ ကျွန်တော်တို့ အနေနဲ့ ပရိသတ်တွေကို အပြစ်ပြောတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ သိက္ခာကျမယ့်အဖြစ်မျိုး မလုပ်ကြဖို့ တောင်းပန်ချင်တာပါ” ဟု၎င်းက မဇ္ဈိမကိုပြောသည်။

မြန်မာပရိသတ်များအနေဖြင့် မြန်မာနှင့်ဖိလစ်ပိုင်တို့ကစားခဲ့သည့်ပွဲစဉ်တွင် အားပေးပုံအဆိုးရွားဆုံးဖြစ်ခဲ့ပြီး
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကိုယ်တိုင် ကွင်းအတွင်းသို့ ဆင်း၍ပရိသတ်များကို တောင်းပန် ခဲ့ရသည်။ သို့ရာတွင် တောင်းပန်ခဲ့သည့် အချိန်ခဏ၌ပင် ပရိသတ်များငြိမ်သက်ခဲ့ပြီး နောက်ပိုင်းအချိန်များ
တွင် ပြန်လည်၍ဆိုးရွားစွာအားပေးခဲ့ကြသည်။

“ရိုးရိုးတန်းဘက်က ပေါက်လိုက်တဲ့ ခဲပါ။ ပိုက်တွေကာထားတဲ့ကြားထဲကမှ ကွင်းထဲကိုရောက်သွားတာ။ ပရိသတ်တွေအနေနဲ့ အရမ်းကြီးဆူဆူပူပူအားပေးတာမျိုးတွေလည်း သိပ်မရှိပါဘူး။ ပုံမှန်ပဲ အားပေးကြတာပါ။ မီးရှူးမီးပန်းတွေဖောက်နေတဲ့ သူတွေတော့တွေ့တယ်။ အထူးတန်းဘက်ကနေ ဖောက်ကြတာ။ ပရိသတ်က
တော့ မီးရှူးမီးပန်းဖောက်ရင် ဒဏ်ငွေဆောင်ရမယ်ဆိုတာ ဘယ်သိမလဲ။ သိရင်တော့ ပုံစံတစ်မျိုးနဲ့ အားပေး
ကြမှာပါ” ဟု မြန်မာ-ဖိလစ်ပိုင်ပွဲစဉ်အား သွားရောက်အားပေးခဲ့သည့် ပရိသတ်တစ်ဦးဖြစ်သူ ကိုကျော်သူရ က မဇ္ဈိမကိုပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လာမည့် ၂၀၁၂ဆူဇူကီးဖလားခြေစစ်ပွဲကို အောက်တိုဘာ(၅)ရက်နေ့
မှ (၁၃)ရက်နေ့အထိ ရန်ကုန်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပရိသတ်များအနေဖြင့်
စည်းကမ်း ရှိစွာအားပေးသွားကြရန် ဘောလုံးအဖွဲ့ချုပ်က မျှော်လင့်နေသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။