Tuesday, July 31, 2012

 ရွှေတိဂုံစေတီတော်ရှိ နှစ်ပေါင်း ၂၃၄ နှစ် သက်တမ်းရှိသော စဉ့်ကူးမင်းခေါင်းလောင်း၏ အစိတ်အပိုင်းအချို့  ယိုယွင်းလာသဖြင့် ခေါင်းလောင်း ထိုးခွင့်မပြုတော့

2012-07-26-16.52.30
ရွှေတိဂုံစေတီတော်ရှိ စဥ့်ကူးမင်းခေါင်းလောင်းတွင် ခေါင်းလောင်းထိုးနေသူအချို့ အား ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်

ရွှေတိဂုံစေတီတော်၊ ရာဟုထောင့်ရှိ နှစ်ပေါင်း ၂၃၄ နှစ်တမ်းရှိသော စဥ့်ကူးမင်း ခေါင်းလောင်း၏ အစိတ်အပိုင်း အချို့မှာ ယိုယွင်းမှုများရှိလာသဖြင့် ခေါင်းလောင်းထိုးခွင့်ပြုတော့မည် မဟုတ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရှိရသည်။
စဥ့်ကူးမင်းခေါင်းလောင်တွင် သြဂုတ်လကုန်ပိုင်းမှ စတင်၍ ခေါင်းလောင်းထိုးတံ ထားရှိတော့မည်မဟုတ်ဘဲ ခေါင်းလောင်းအား သံပန်းများနှင့် ကာရံခြင်း၊ ခေါင်းလောင်း မထိုးရဟူ၍ ဆိုင်းဘုတ်များဖြင့် ရေးထားထားခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"စဥ့်ကူးမင်း ခေါင်းလောင်းရဲ့ အစိတ်အပိုင်းအချို့က ပျက်စီးနေပြီ။ ခေါင်းလောင်းထိုးခွင့် မပြုတော့ဘူး။ အဲဒီအစဉ်ကို သြဂုတ်လဆန်းပိုင်းမှာ စအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ခေါင်းလောင်းကြီးက နှစ်လည်း ကြာနေပြီ။ ဆက်ပြီး ခေါင်းလောင်းထိုးခွင့် ပေးလို့ ဒီထက်ပိုပျက်စီးလာမယ်ဆိုရင် နောက်ပိုင်းလူတွေ မတွေ့ရတော့မှာစိုးလို့ အခုလို လုပ်ရတာဖြစ်ပါတယ်။ ခေါင်းလောင်းကြီးက စဥ့်ကူးမင်း လှူဒါန်းခဲ့တဲ့အတွက် စဥ့်ကူးမင်းခေါင်းလောင်းလို့ ခေါ်တာဖြစ်တယ်"ဟု ရွှေတိဂုံစေတီတ်ာဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်က ပြောပြခဲ့သည်။
ရွှေတိဂုံစေတီတ်ာတွင် ခေါင်းလောင်း စုစုပေါင်း ၃၅ လုံးရှိသည့် အနက် ကြီးမားသည့် ခေါင်းလောင်းမှာ နှစ်လုံးသာရှိပြီး စဥ့်ကူးမင်း ခေါင်းလောင်းနှင့် သာယာဝတီမင်း ခေါင်းလောင်းတို့ဖြစ်ကြောင်း သိရသည်။ စဥ့်ကူးမင်းခေါင်းလောင်းမှာ ရွှေတိဂုံစေတီတော်ရှိ သက်တမ်းအကြာဆုံး ခေါင်းလောင်းကြီးဖြစ်ပြီး အရွယ်အစားအားဖြင့်မူ ဒုတိယအကြီးဆုံးဖြစ်ကာ အလေးချိန်မှာ ကြေး ၂၄ တန်ရှိကြောင်း သိရှိရသည်။ သာယာဝတီမင်းခေါင်း လောင်းမှာမူ ပထမအကြီးဆုံး ခေါင်းလောင်းဖြစ်ပြီး အလေးချိန် အားဖြင့် ကြေး ၄၂ တန်ရှိကာ သက်တမ်းအားဖြင့် ၁၇၂ နှစ်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။