Saturday, April 21, 2012

လွှတ်တော်သို့ ဒဂုံမြို့သစ်ဆိပ်ကမ်းက အခက်အခဲများအား တ.စ.ည က တင်သွင်းမည်

လွှတ်တော်သို့ ဒဂုံမြို့သစ်ဆိပ်ကမ်းက အခက်အခဲများအား တ.စ.ည က တင်သွင်းမည်




ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ပြည်သူများအတွက် လိုအပ်သည့်အခက်အခဲများကို လွတ်တော်တွင် တာဝန်ထမ်းဆောင်နေသော တိုင်းရင်းသားစည်းရုံးညီညွတ်ရေး ပါတီကိုယ်စားလှယ်များထံ တင်ပြပေး မည်ဖြစ်ကြောင်း တ.စ.ည ပါတီကဆိုသည်။
 


 “ကျွန်တော်တို့အနေနဲ့ အခု ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ထဲမှာ သယ်ယူပို့ဆောင်ရေး ကဏ္ဍနဲ့ သမ၀ါယမ ကဏ္ဍကိုတာဝန်ယူထားတဲ့ ဦးအောင်ခင်ဆီကို ဒဂုံဆိပ်ကမ်းမှာလိုအပ်နေတဲ့ သွားလာမှုအတွက်လိုအပ်နေတဲ့ယာဉ်လိုင်းတွေ၊ နောက်သောက်သုံးရေကိစ္စတွေ၊ လယ်သမားတွေအတွက်လယ်ယာမြေကိစ္စတွေကို တောင်းဆိုပေးဖို့ ဆွေးနွေးတင်ပြပေးဖို့ စီစဉ်နေပါတယ်”ဟု တိုင်းရင်းသားစည်းရုံးညီညွတ်ရေးပါတီမှ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးဝင်းမြင့်ကပြောသည်။
 
လွတ်တော်ကိုယ်စားလှယ်များက ပြည်သူများ၏ စားဝတ်နေရေး၊ သွားလာရေး၊ ပင်စင်ကိစ္စများ၊ ၀န်ထမ်း လစာနှင့် လုပ်ခများတိုးမြှင့်ရေး ကိစ္စရပ်များတင်ပြလာသူများ၏ အဆိုအား ထောက်ခံတောင်းဆိုခဲ့ကြောင်း၊ မိမိပါတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ပုဂ္ဂိုလ်က ဆေးရုံ တစ်ခုအား စီစစ်ရွေးချယ်၍ ကျန်းမာရေးနှင့် ပတ်သတ်သော ကင်ဆာရောဂါဝေဒနာရှင်များအတွက် ဓာတ်ရောင်ခြည်ပေးရန် စီစဉ်ရှိမရှိ တင်ပြထားကြောင်း သိရသည်။
 
“ပါတီမူဝါဒထဲမှာပါတဲ့အချက်တင်မဟုတ်ပါဘူး။ ပြည်သူတွေအကျိုးအတွက် တောင်းဆိုတာ အကျိုးရှိတာ တွေဆိုရင် ထောက်ခံတယ်။ ဆောင်ရွယ်ပေးမယ်။ တောင်းဆိုမယ်။ ဆွေးနွေးမယ်။ ပါတီက ပြည်သူတွေကိုယ်စား ဆွေးနွေးတိုင်ပင်တာတွေလည်း ဆွေးနွေးသွားမှာပါ”ဟု တိုင်းရင်းသားစည်းရုံးညီညွတ်ရေးပါတီမှ လက်ရှိလွတ်တော်တွင်းတာဝန် ထမ်းနေသော (သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် သမ၀ါယမကဏ္ဍ) ဦးအောင်ခင် ကပြောသည်။
 
တိုင်းရင်းသားစည်းရုံးညီညွတ်ရေးပါတီ၏ မူဝါဒမှာ လူတန်းစားရပ်တည်ချက်အနေဖြင့် အလုပ်သမားလယ်သမား များ၏ အကျိုးစီးပွားတိုးတက်ရေးကို ဖော်ဆောင်ပေးရန်၊ ကာကွယ်စောင့်ရှောက်မူများအား အခြေခံကြောင်း သိရသည်။
“တ.စ.ည ပါတီ ရပ်တည်လာတာ သတ်တမ်းမနည်းဘူး။ သူတိုမူဝါဒက တောင်သူလယ်သမားတွေ အတွက်ဦးတည်ထားတာကိုတွေ့ရတယ်။ ကောင်းပါတယ်။ ကိုယ်တိုင်မတက်ရောက်နိုင်တဲ့ ပါတီဝင်တွေကလည်း လွတ်တော်တွင်းရောက်နေတဲ့ အမတ်လောင်းတွေ ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်တာ ကောင်းပါတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဒေသခံတစ်ဦးက ၄င်းအမြင်ကို ပြောသည်။
အဆိုပါပါတီသည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၁၁၇၂) နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၁၇) နေရာအနိုင်ရရှိခဲ့ကြောင်း၊ ၂၀၁၂ခုနှစ်  ဧပြီလ (၁) ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် (၄၈) နေရာ၌ (၂၂) နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိမှုမရှိခဲ့ကြောင်းသိရသည်။
 











 အောင်ကိုကိုလတ်(မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။