
၂၀၀၃ ဒီပဲယင်း
လူသတ်ပွဲ ဖြစ်ပွားတုန်းက ဦးခင်ညွန့် (ထိုစဉ်က ထောက်လှမ်းရေး အကြီးအကဲ) က
သူ့လူတွေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်
သတင်းစာကို ပြောခဲ့တာက အစ၊ ထိုသတင်းနဲ့ ပတ်သက်ပြီး
ဘန်ကောက်ပို့စ်သတင်းစာကို ဦးခင်ညွန့် မပြောခဲ့ပါဘူးလို့ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ အရာရှိတဦးက ဦးခင်ညွန့်ရဲ့ လက်ထောက်တဦးနဲ့အတူ
သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာက အလယ်၊ အခုတခါတော့ ဘန်ကောက်ပို့စ်တွင်
ဖော်ပြခဲ့တဲ့ သတင်းကို ပေးပို့ခဲ့သူ ကိုမြင့်ရွှေက ဒေါ်အောင်ဆန်းစုကြည်ကို
ကယ်ထုတ်ခဲ့ပါတယ်လို့ ဦးခင်ညွန့်က မပြောပါဘူးလို့ သူ့ရဲ့ မုခစာမျက်နှာ
(ဖေ့စ်ဘွတ် - Facebook) တွင် ပြန်လည် ရှင်းလင်း ဖော်ပြခဲ့တာကတော့ အဆုံး
လို့ ပြောရမယ် ထင်ပါတယ်။
ဖြစ်စဉ်ရဲ့ အစကတော့ ဘန်ကောက်ပို့စ်သတင်းတွင် ၂၀၁၂ ဧပြီ ၈ ရက်နေ့က
ဒီပဲယင်းလူသတ်ပွဲဖြစ်ပွားစဉ် ဒေါ်အောင်ဆန်းစုကြည်ကို ဦးခင်ညွန့်က
ကယ်ထုတ်ခဲ့တယ်ဆိုတဲ့ သတင်း
(http://www.bangkokpost.com/news/local/287924/myanmar-ex-pm-claims-he-saved-suu-kyi-s-life)
ဖော်ပြခဲ့ပါတယ်။ ထိုသတင်းကို ယနေ့မြန်မာတွင် ”ဒေါ်အောင်ဆန်းစုကြည်ကို
ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြော”
(http://burmatoday.net/news.php?news_ID=242) ခေါင်းစဉ်နဲ့ ဧပြီ ၉ ရက်နေ့
ရက်စွဲနဲ့ ဖော်ပြခဲ့သလို အခြား မြန်မာဆိုင်ရာ မီဒီယာများတွင်လည်း
ဖော်ပြခဲ့ပါတယ်။ ထိုသတင်းများနဲ့ ပတ်သက်ပြီး ၂၀၁၂ ဧပြီ ၁၁ ရက်နေ့က
ရန်ကုန်မြို့ ဆရာစံလမ်းရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့ ဒု တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းနဲ့
ဦးခင်ညွန့်အား မီဒီယာများနဲ့ တွေ့ဆုံရန် စီစဉ်ပေးသူ ဗိုလ်မှူးဟောင်း
ဝင်းမောင်မောင်က “ဦးခင်ညွန့်အနေနဲ့ ပြည်ပမီဒီယာများနဲ့ မတွေ့ဆုံကြောင်း၊
ဦးခင်ညွန့်အနေနဲ့ ထိုသို့ မပြောကြောင်း“ သတင်းစာ ရှင်းလင်းပွဲ ပြန်လည်
ပြုလုပ်ခဲ့ပါတယ်။ ထို သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ယနေ့မြန်မာတွင်
“ဦးခင်ညွန့်ရဲ့ ဘန်ကောက်ပို့စ်သတင်းကိစ္စ မြန်မာအစိုးရက သတင်းစာ
ရှင်းလင်းပွဲ ပြုလုပ်“ (http://burmatoday.net/news.php?news_ID=257)
ခေါင်းစဉ်နဲ့ ဧပြီ ၁၁ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြခဲ့ပါတယ်။
ဧပြီ ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ညွန့်ဟာ ဧပြီ ၉ ရက်နေ့က
ဒုလ္လဘရဟန်း ၀တ်ခဲ့ပြီး ဘန်ကောက်ပို့စ်တွင် ဖော်ပြထားတဲ့ သတင်းနဲ့
ပတ်သက်လို့ ရဲမှူးကြီး ၀င်းနိုင်ထွန်းက ဦးခင်ညွန့်နဲ့ ဧပြီ ၉ ရက်နေ့တွင်
သွားရောက် မေးမြန်းခဲ့ရာ ဦးခင်ညွန့်က ပြည်ပမီဒီယာများနဲ့ တွေ့ဆုံခဲ့ခြင်း
မရှိလို့ သူ့ကို ပြောပြခဲ့ကြောင်း ရဲမှူးကြီး ၀င်းနိုင်ထွန်းက
ရှင်းပြပါတယ်။ ဘန်ကောက်ပို့စ်သတင်းစာကတော့ သတင်းထောက်ကိုယ်တိုင်
ဦးခင်ညွန့်ကို သွားရောက် တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ဦးခင်ညွန့်နဲ့
သွားရောက်တွေ့ဆုံခဲ့သူက ကနေဒါနိုင်ငံတွင် နေထိုင်သူ ဦးမြင့်ရွှေ ဖြစ်ပါတယ်။
ဦးမြင့်ရွှေ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ
(https://www.facebook.com/photo.php?fbid=2520256384648&set=a.1096133902476.12647.1800469803&type=1&theater)
တွင် ဧပြီ ၃ ရက်နေ့ နေ့စွဲနဲ့ သူနဲ့ ဦးခင်ညွန့်နဲ့ အတူ ထိုင်နေပုံကို
ဖော်ပြထားပါတယ်။
ထိုဖြစ်ရပ်တွင် ထူးခြားတာက ပြန်ကြားရေးဝန်ကြီးဌာနက ဦးခင်ညွန့်နဲ့
ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲသတင်းကို အစိုးရသတင်းစာများတွင်
ဖော်ပြခဲ့ခြင်း မရှိတာပဲ ဖြစ်ပါတယ်။ ဦးခင်ညွန့်ဟာ ယခင် စစ်အစိုးရရဲ့
ရာထူးချ၊ ဖမ်းဆီး ချုပ်နှောင်ခံရသူတဦး ဖြစ်ပါတယ်။ ထို့အပြင် မြန်မာ
စစ်အာဏာရှင်များဟာ ဦးခင်ညွန့်ရဲ့ ထောက်လှမ်းရေးတပ်တခုလုံးကို
မြေလှန်ပစ်သလို ထောင်ချ ရာထူးဖြုတ် စသည်ဖြင့် ပြုလုပ်ခဲ့ပါတယ်။ ဒ့ါကြောင့်
သူနဲ့ ပတ်သက်တဲ့ကိစ္စကို လက်ရှိအာဏာပိုင်ဘက်က သတင်းစာရှင်းလင်းပွဲ
ပြုလုပ်တာက အတော့်ကို ထူးခြားပါတယ်။
အခုနောက်ဆုံး ဧပြီ ၁၃ ရက်နေ့မှာ ဦးခင်ညွန့်နဲ့ တွေ့ဆုံခဲ့တဲ့ ဦးမြင့်ရွှေက
“၂၀၁၂ မတ်လလယ်တွင် ဦးခင်ညွန့်နဲ့ သူ့နေအိမ်တွင် တွေ့ကြောင်း၊
တွေ့ဆုံမှုကို အသံဖမ်းထားသူမှာ ဦးခင်ညွန့် နေအိမ်က ပုဂ္ဂိုလ်များ ဖြစ်ပြီး
သူ မဟုတ်ကြောင်း၊ ဖေ့စ်ဘွတ်တွင် အသုံးပြုတဲ့ဓါတ်ပုံဟာ ထိုပုဂ္ဂိုလ်များအနက်
တဦးက မှတ်တမ်းအဖြစ် ဦးမြင့်ရွှေရဲ့ ကင်မရာနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ကြောင်း၊
ဦးခင်ညွန့်က သူ့ကို မြန်မာတဦးအနေနဲ့ တွေ့ဆုံခြင်း ဖြစ်ပြီး
ပြည်ပမီဒီယာတခုရဲ့ ပုဂ္ဂိုလ်တဦးတယောက်အဖြစ် တွေ့ဆုံတာ မဟုတ်ကြောင်း၊
ဦးခင်ညွန့်အနေနဲ့ သူဟာ အလွတ်သတင်းထောက်တဦးဖြစ်ပြီး မြန်မာ - အင်္ဂလိပ်
နှစ်ဘာသာနဲ့ ရေးသားတာကို သိတယ်လို့ နားလည်ကြောင်း၊ ထိုနည်းတူ အဲဒီလို
တွေ့ဆုံမှုကိုလည်း စာရေးသားမယ်ဆိုတာ သိမှာဖြစ်ကြောင်း“ သူ့
ဖေ့စ်ဘွတ်စာမျက်နှာတွင် အစချီ ရေးသားကာ စာရဲ့ အလယ်ပိုင်းနဲ့
နိဂုံးပိုင်းမှာ ဦးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်ကို
ကယ်ထုတ်တယ်ဆိုတဲ့စကားဟာ သူ့စကားဖြစ်ကြောင်း၊ ဦးခင်ညွန့်ရဲ့စကား
မဟုတ်ကြောင်း ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်နေ၀င်းလက်ထက်မှအစ ဗိုလ်ချုပ်သန်းရွှေရဲ့ လက်ထက်အဆုံး
မြန်မာအာဏာပိုင်များဟာ ပြည်ပမီဒီယာတွေမှာ ဖော်ပြချက်များကို အရေးတယူ
ဂရုတစိုက် ဖြေရှင်းလေ့ မရှိခဲ့ပါဘူး။ ထို့အပြင် စစ်အာဏာရှင်တွေ
အမျက်မာန်ရှကာ ရာထူးမှ ဖယ်ရှားခံရသူများရဲ့ အရေးကိုလည်း အာဏာရှင်အဆက်ဆက်က
လုံးဝ ဖြေရှင်းမှု မပြုခဲ့ပါဘူး။ သို့သော် အခု ဦးခင်ညွန့်ကိစ္စမှာ
ဦးခင်ညွန့် မပြောပါဘူးဆိုတဲ့အကြောင်းကို သုံးရက်အတွင်း လူ သုံးဦးက
ဆက်တိုက်ကို ဖြေရှင်းနေတာကတော့ ထူးဆန်းနေပါတယ်။
ကိုးကား
https://www.facebook.com/photo.php?fbid=2520256384648&set=a.1096133902476.12647.1800469803&type=1&theater
https://www.facebook.com/myint.shwe

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။