Wednesday, April 18, 2012

မြန်မာကာစတန်များ ကုန်ကားတစ်စီး ငွေကျပ် ၅ သောင်း တောင်း

တရုတ် - မြန်မာနယ်စပ် ကျယ်ဂေါင် - မူစယ်အဝင်အထွက် ဂိတ်ပေါက်တစ်ခုဖြစ်သည့် မန်ဝိန်းဂိတ်တွင် မြန်မာအကောက် အခွန်ဝန်ထမ်းများမှ ကုန်ကားတစ်စီး အနည်းဆုံး ကျပ်ငွေ ၅ သောင်း တောင်းယူနေကြောင်း ကုန်သည်အသိုင်းအဝိုင်း အဆိုအရ သိရသည် ။


မူဆယ် ၁၀၅ မိုင်ဂိတ်

အခွန်ဆောင်ထားသော ကုန်ကားများ တရုတ် ကျယ်ဂေါင်ဘက်မှ မူစယ်ဘက်သို့ ၀င်ရောက်ရာတွင် မန်ဝိန်းဂိတ်တာဝန်ကျ အကောက်အခွန်ဝန်ထမ်းများမှ မလိုအပ်ပဲ ရှာဖွေစစ်ဆေးပြီး ငွေတောင်းယူနေခြင်း ဖြစ်ကြောင်း အမည်မဖေါ်လို သူ ကုန်သည်တစ်ဦးက ဆိုသည် ။“မန်ဝိန်းကာစတန်ပေါ့နော် အခွန်ဆောင်ပြီးသား ဂျူတီနဲ့ထွက်တဲ့ ကုန်တင်ကားတွေကို သွားလို့မရအောင် ခုံတန်းကြီးချ ထားပြီးတော့ ဖွင့်ဖေါက်စစ်ဆေးတယ်  ပိုက်ဆံတောင်းတာ အနည်းဆုံး ၅ သောင်းပေါ့နော်” ဟု သူက ဆိုသည်။
မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌သာ ကုန်စစ်ဆေးရေးဂိတ် အဓိကနေရာ အဖြစ်ထားရှိသည့် အတွက် မန်ဝိန်းဂိတ်တွင် စစ်ဆေးရန်  မလိုအပ်ကြောင်း သူက ဆက်ပြောသည် ။“အခွန်ဆောင်ထားတဲ့ စာရွက်စာတမ်းတွေကို တောင်းယူပြီး ကုန်ပစ္စည်းနဲ့ တိုက်ကြည့်တာပေါ့နော်။ ကားတွေကို မိုးကာ လှန်ပြီးဖွင့်ဖေါက် စစ်ဆေးတာပေါ့နော်။ တကယ်တမ်းပြောရရင် မန်ဝိန်းက ကုန်စစ်ဆေးတဲ့ ချက်ပွိုင့်မဟုတ်ဘူးလေ ။ တကယ်လို့ အဲဒီပိုက်ဆံ ၅ သောင်းပေးတယ်ဆိုရင်တော့ မစစ်ဘူးပေါ့ ” ဟု ဆိုသည် ။၂၀၀၆ ခုနှစ်အတွင်းက တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းများတွင် တာဝန်ကျသည့် ကာစတန်ဝန်ထမ်း အများစုကို လာဘ်စားမှုဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ကာစတန်ဌာနကို ပြန်လည်အသစ်ဖွဲ့စည်း ထား ခြင်း ဖြစ်ကြောင်း သိရသည် ။ယခင်က ကာစတန်ဌာနကို နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန လက်အောက်တွင် ထားရှိခဲ့ရာမှ ယခုနှစ်ဆန်းပိုင်း၌ သီးခြား တာဝန်ချထားခဲ့ကြောင်း သိရသည် ။
သျှမ်းသံတော်ဆင့်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။