ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုကြောင်း Shan Herald Agency for News (SHAN) သတင်းတရပ်တွင်
ဖေါ်ပြထားသည်။
UWSA မှ ပြင်ပဆက်ဆံရေးဆိုင်ရာ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရှောင်ဆမ်ကွန် (Xiao Samkun)က လားရှိုးမြို့တွင် တွေ့ဆုံဆွေးနွေးနေကြသည့် ရှမ်း-ကယား ယုံကြည်မှု တည်ဆောက်ရေး ကွန်ဖရင့်တွင် မတ်လ ၂၁ ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။
မတ်လ ၂၀ ရက်နေ့မှ စတင်၍ သုံးရက်တာ ကျင်းပခဲ့သော အဆိုပါ ညီလာခံသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ပြီး ရှမ်းနှင့် ကယားပြည်နယ်မှ ပါတီနှင့် အဖွဲ့ အစည်းပေါင်း ၂၂ ဖွဲ့ တက်ရောက်ရာ UWSA ၏ ရပ်တည်ချက် အနေအထားကို တရားဝင် ဆွေးနွေးခဲ့ကြခြင်း မရှိဟု Shan Herald က ဖေါ်ပြသည်။
တိုင်းရင်းသား အဖွဲ့များအနေဖြင့် ဘုံသဘောထားအမြင် ရှာဖွေရန်လိုအပ်သည်ဟု SHAN အယ်ဒီတာချုပ် က ဆိုသည်။
"ဝ,က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းနေပါတယ်။ ဒါသူတို့အခွင့်အရေးပါ။ ဝ,ရဲ့ တောင်းဆိုမှုကို ဆန့်ကျင်မယ့်သူတွေလည်း ရှိပါတယ်။ သူတို့ (အခွင့်အရေး)ကိုလည်း ပိတ်ပင်လို့ မရပါဘူး" ဟု ဦးခွန်ဆိုင်း က ပြောသည်။
ထို့ပြင် ခွဲထွက်ခြင်းမပြုသည့် အဖြေတရပ်ရရန် ဆွေးနွေးသင့်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ရှမ်း-ကယား ညီလာခံသို့ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့် လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိသည်။ ဗြိတိန်၊ အမေရိကန်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံ သံရုံးများမှ သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။
UWSA မှာ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။
၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် UWSA သည် စစ်သည်အင်အား သုံးသောင်းကျော်ရှိကာ ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားရှိသည့် အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို မြို့နယ် ၆ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ တွင် နှစ်မြို့နယ်သာ ကျင်းပနိုင်ခဲ့သည်။
Monday, March 25, 2013
ပဋိပက္ခများ ဖြစ်ပွားနေသည်ဟု ကောလဟလများကြောင့် လူများစိတ်နှောင့်အယှက် ဖြစ်နေ
ရန်ကုန်(မဇ္ဈိမ)။ ။ မင်္ဂလာ တောင်ညွှန့်မြို့နယ်အတွင်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တဝိုက်ရှိ ဆိုင် အများအပြားကို ယနေ့မွန်းလွဲပိုင်းတွင် ဆိုင်ရှင်များပိတ်သိမ်းနေသည် ဟူသော ထွက်ပေါ်နေသော ကောလာဟလ များကြောင့် လူအများကြား စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း ယုဇနပလာဇာတွင် ဆေးဆိုင်ဖွင့်ထားသူ တဦးက မဇ္ဈိမသို့ ပြောသည်။
၎င်းက "ကျွန်မတို့ ဘာမှမကြားပါဘူး။ ဈေးမှာ ဆိုင်ပိတ်ထားတာတော့ နည်းနည်းရှိတယ်။ စိတ်အနှောင့်အယှက်
ဖြစ်တယ်။ အဲလိုတွေ ကြားရတာကြောင့် ဈေးရောင်းရတာ သိပ်အဆင်မပြေနိုင်ဘူး" ဟု ဆိုသည်။
ယနေ့မနက်ပိုင်းတွင် ထွက်ပေါ်နေသော ကောလဟလများကြောင့် လူအများ စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြကြောင်း၊ လူများအကြား စိုးရိမ်စိတ် ဝင်နေခြင်းမှ လွဲ၍ အခြားသော ပဋိပက္ခများ ဖြစ်ပွားခြင်း မရှိကြောင်း တာမွေရဲစခန်း တာဝန်ရှိသူတဦးပြောသည်။
အဆိုပါ တာမွေရဲစခန်းမှ တာဝန်ရှိသူက "ဘာမှမဖြစ်ပါဘူး ။ ကောလဟလတွေပါ။အခုလည်း လုံခြုံရေးတွေ အပြည့်ချထားပါတယ်။ အင်အားကတော့များတယ် ။ ကျွန်တော်တို့စခန်းရယ် နီးစပ်ရာမြို့နယ်က အင်အားတွေလဲ
ပေါင်းထားပါတယ်" ဟု ဆိုသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူ မဇင်မာကလည်း "ကျွန်မတို့ အခုလေးတင် ဈေးကပြန်လာတာ ဘာမှမဖြစ်ပါဘူး။ ဆိုင်ပိတ်တယ်ဆိုတာလည်း တော်တော်နည်းပါတယ်။ အကုန်လုံးအေးဆေးပါ" ဟု ဖြေကြားခဲ့ သည်။
ယုဇနပလာဇာနှင့် မင်္ဂလာဈေး အစရှိသော ဈေးများမှာ ကောလဟလများကြောင့် ညနေ သုံးနာရီ မတိုင်ခင်ကပင် စိုးရိမ်စိတ်နှင့် ပိတ်သွားကြသည်ဟု အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောသည်။
"တဦးစ နှစ်ဦးစပိတ်ရာကနေ အကုန်ပိတ်ကုန်တာ။ အရင်ကလဲ ကောလဟလတွေကြားတော့ စောစောပိတ်ကုန် တာ။ အိမ်ခြံမြေဈေးကွက်လဲ အဲဒီလိုတွေ ကောလဟလကြောင့် ဈေးဆိုင်ရမဲ့ကိစ္စတွေလဲ ပျက်ကုန်တယ်" ဟုမဇ္ဈိမသို့ ပြောသည်။
ထိုကောလဟလများ ထွက်ပေါ်နေခြင်းသည် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ကွပ်ကဲရေးမှူး ဒုရဲအုပ်တဦးက ဆိုသည်။
"သူ့အပိုင်းအလိုက် လုံခြုံရေးယူထားပါတယ်။ ကျွန်တော်တို့ဆီတော့ ဘာသတင်းမှ မတက်သေးပါဘူး။
ကောလဟာလ သတင်းတွေပါ။ တဖက်မှာ သွေးထိုးတာတွေ ပါရင်ပါနိုင်ပါတယ်" ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ နယ်မြေများအတွင်း လုံခြုံရေးများ ချထားကြောင်း အမှန်တကယ်
ဖြစ်ပေါ်လာပါကလည်း နီးစပ်ရာ မြို့နယ်ရဲတပ်ဖွဲ့များမှ အကူအညီများယူ၍ ဖြေရှင်းမည်ဖြစ်ကြောင်း အဆိုပါ ဒုရဲအုပ်မှဖြေကြားခဲ့သည်။

ရှမ်းမြောက်ပိုင်းတွင် အစိုးရတပ် လှုပ်ရှားမှုရှိ၊ ပလောင်၊ KIA တို့နှင့် တိုက်ပွဲဖြစ်
ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း အစိုးရ စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ ၎င်းတို့တပ်များ
နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)မှ အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော် က ပြောသည်။
မန်တုံ၊ ကုတ်ခိုင်၊ နမ်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ နမ့်ခမ်းမြို့နယ်များအတွင်း အစိုးရ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကျောက်မဲမြို့နယ် စစ်ဆင်ရေးနှင့်ကွပ်ကဲရေး (စကခ) ၁ နှင့်သိန္နီ (စကခ) ၁၆ လက်အောက်ခံ တပ်ရင်းများမှ စစ်အင်အား အနည်းဆုံး ၂,၀၀၀ ကျော်မှ ၃,၀၀၀ ခန့်ထိ လှုပ်ရှားနေပြီး မတ်လ ၂၃ ရက်နေ့ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု မိုင်ဘုန်းကျော် က မဇ္စျိမကို ပြောသည်။
"ကျနော်တို့ တအာင်းဒေသမှာ သူတို့ အစိုးရ စစ်ကြောင်းတွေက တဖက်ကို ၃၊ ၄၊ ၅၊ ၆ ကြောင်း ပုံမှန်ရှိတယ်။ ထိုးစစ် လှုပ်ရှားနေတဲ့ ကိစ္စတွေကို သမ္မတ ဦးသိန်းစိန်တို့၊ ဦးအောင်မင်းတို့ အနေနဲ့ မြန်မာ့တပ်မတော်ကို ညွန်ကြားချက်တွေ ထုတ်သင့်တယ်။ တကယ်ငြိမ်းချမ်းရေး လုပ်ချင်တယ် ဆိုရင် ဒီလို မလုပ်သင့်ဘူး။ နိုင်ငံရေး
ပြုပြင်မှု လုပ်တဲ့ ဦးသိန်းစိန်အနေနဲ့ အထူးစဉ်းစားသင့်တယ်" ဟု ပြောသည်။
ယခုကဲ့သို့ တအာင်း (ပလောင်)ဒေသအတွင်း အစိုးရ စစ်တပ်များ ထိုးစစ်ဆင် လှုပ်ရှားလာမှုအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်း မတ်လ ၂၂ ရက်နေ့က PSLF မှ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
မတ်လ ၂၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် အနောက်ဘက် နမ့်လိတ်တောင်ကြောတွင် အစိုးရတပ်ရင်း ၅၀၂ တပ်ဖွဲ့နှင့် အခြား တပ်ရင်းအင်အား ၂၀၀ ခန့်သည် PSLF နှင့် ကချင် လွတ်မြောက်ရေးတပ် KIA ပူးပေါင်းတပ်များ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုင်းဘုန်းကျော်က ဆိုသည်။ ထိုတိုက်ပွဲတွင် အစိုးရတပ်မှ ၁၀ ဦးကျော် ကျဆုံးခဲ့ပြီး ၎င်းတို့တပ်မှ ထိခိုက် ကျဆုံးမှု မရှိခဲ့ဘဲ မတ်လ ၂၃ ရက်နေ့တွင်လည်း တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည် ၎င်းက ဆိုသည်။ ထို တိုက်ပွဲများနှင့်ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။
တနင်္ဂနွေနေ့ ညနေပိုင်းတွင် KIA တပ်မဟာ ၄၊ တပ်ရင်း ၁၇ နယ်မြေ၊ ဂမ်မင်ဘွမ်တွင် အစိုးရ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက် ၆ နာရီ ချိန်တွင်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေသည်ဟု KIA သတင်းရပ်ကွက် တခုမှ ဆိုသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တအာင်းတပ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲပေါင်း အနည်းဆုံး ၄ ကြိမ်
ဖြစ်ပွားခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း အစိုးရတပ်များနှင့် တိုက်ပွဲအကြိမ်ပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ပြီး ယခုနှစ် မတ်လအတွင်း တိုက်ပွဲပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့ကြောင်း PSLF က ဆိုသည်။
မတ်လ ၂၃ ရက်နေ့က မန်တုံမြို့တွင် စတင်ကျင်းပနေသော ၁၁ ကြိမ်မြောက် "တအာင်း စာပေနှင့်ယဉ်ကျေးမှု ညီလာခံ" သို့ လူဦးရေ သုံးသောင်းကျော် တက်ရောက်နေပြီး ၎င်းတို့၏ လုံခြုံရေးအတွက် အထူးစိုးရိမ်ကြောင်း မိုင်းဘုန်းကျော်က ပြောသည်။ အင်္ဂါနေ့တွင် ညီလာခံ ပြီးဆုံးမည် ဖြစ်သည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ် PSLA သည် ၁၉၆၃ ခုနှစ် ကတည်းက စစ်အစိုးရအား လက်နက်ကိုင်
တော်လှန်ခဲ့သော်လည်း ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် လက်နက်ချခဲ့သည်။ တချို့အဖွဲ့ဝင်များက ၁၉၉၂ ခုနှစ်တွင် PSLF ကို ဖွဲ့စည်း၍ ကွတ်ခိုင်၊ မန်တုံ၊ နမ်ခမ်း၊ နမ်ဆန်၊ မိုင်းလုံ၊ မိုးမိတ်မြို့နယ်များတွင် တပ်ရင်း ၆ ရင်းဖြင့် လှုပ်ရှားနေသည်ဟု သိရသည်။

Subscribe to:
Posts (Atom)