Monday, March 25, 2013

ပဋိပက္ခများ ဖြစ်ပွားနေသည်ဟု ကောလဟလများကြောင့် လူများစိတ်နှောင့်အယှက် ဖြစ်နေ

ရန်ကုန်(မဇ္ဈိမ)။           ။ မင်္ဂလာ တောင်ညွှန့်မြို့နယ်အတွင်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တဝိုက်ရှိ ဆိုင် အများအပြားကို ယနေ့မွန်းလွဲပိုင်းတွင် ဆိုင်ရှင်များပိတ်သိမ်းနေသည် ဟူသော ထွက်ပေါ်နေသော ကောလာဟလ များကြောင့် လူအများကြား စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း ယုဇနပလာဇာတွင် ဆေးဆိုင်ဖွင့်ထားသူ တဦးက မဇ္ဈိမသို့ ပြောသည်။

၎င်းက "ကျွန်မတို့ ဘာမှမကြားပါဘူး။ ဈေးမှာ ဆိုင်ပိတ်ထားတာတော့ နည်းနည်းရှိတယ်။ စိတ်အနှောင့်အယှက်
ဖြစ်တယ်။ အဲလိုတွေ ကြားရတာကြောင့် ဈေးရောင်းရတာ သိပ်အဆင်မပြေနိုင်ဘူး" ဟု ဆိုသည်။

ယနေ့မနက်ပိုင်းတွင် ထွက်ပေါ်နေသော ကောလဟလများကြောင့် လူအများ စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြကြောင်း၊ လူများအကြား စိုးရိမ်စိတ် ဝင်နေခြင်းမှ လွဲ၍ အခြားသော ပဋိပက္ခများ ဖြစ်ပွားခြင်း မရှိကြောင်း တာမွေရဲစခန်း တာဝန်ရှိသူတဦးပြောသည်။

အဆိုပါ တာမွေရဲစခန်းမှ တာဝန်ရှိသူက "ဘာမှမဖြစ်ပါဘူး ။ ကောလဟလတွေပါ။အခုလည်း လုံခြုံရေးတွေ အပြည့်ချထားပါတယ်။ အင်အားကတော့များတယ် ။ ကျွန်တော်တို့စခန်းရယ် နီးစပ်ရာမြို့နယ်က အင်အားတွေလဲ
ပေါင်းထားပါတယ်" ဟု ဆိုသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူ မဇင်မာကလည်း "ကျွန်မတို့ အခုလေးတင် ဈေးကပြန်လာတာ ဘာမှမဖြစ်ပါဘူး။ ဆိုင်ပိတ်တယ်ဆိုတာလည်း တော်တော်နည်းပါတယ်။ အကုန်လုံးအေးဆေးပါ" ဟု ဖြေကြားခဲ့ သည်။

ယုဇနပလာဇာနှင့် မင်္ဂလာဈေး အစရှိသော ဈေးများမှာ ကောလဟလများကြောင့် ညနေ သုံးနာရီ မတိုင်ခင်ကပင် စိုးရိမ်စိတ်နှင့် ပိတ်သွားကြသည်ဟု အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောသည်။

"တဦးစ နှစ်ဦးစပိတ်ရာကနေ အကုန်ပိတ်ကုန်တာ။ အရင်ကလဲ ကောလဟလတွေကြားတော့ စောစောပိတ်ကုန် တာ။ အိမ်ခြံမြေဈေးကွက်လဲ အဲဒီလိုတွေ ကောလဟလကြောင့် ဈေးဆိုင်ရမဲ့ကိစ္စတွေလဲ ပျက်ကုန်တယ်" ဟုမဇ္ဈိမသို့ ပြောသည်။

ထိုကောလဟလများ ထွက်ပေါ်နေခြင်းသည် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ကွပ်ကဲရေးမှူး ဒုရဲအုပ်တဦးက ဆိုသည်။

"သူ့အပိုင်းအလိုက် လုံခြုံရေးယူထားပါတယ်။ ကျွန်တော်တို့ဆီတော့ ဘာသတင်းမှ မတက်သေးပါဘူး။
ကောလဟာလ သတင်းတွေပါ။ တဖက်မှာ သွေးထိုးတာတွေ ပါရင်ပါနိုင်ပါတယ်" ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ နယ်မြေများအတွင်း လုံခြုံရေးများ ချထားကြောင်း အမှန်တကယ်
ဖြစ်ပေါ်လာပါကလည်း နီးစပ်ရာ မြို့နယ်ရဲတပ်ဖွဲ့များမှ အကူအညီများယူ၍ ဖြေရှင်းမည်ဖြစ်ကြောင်း အဆိုပါ ဒုရဲအုပ်မှဖြေကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။