Monday, March 25, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုံခြုံရေး အဖွဲ့အစည်းများဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိပြီး ကောလာဟလ သတင်းထုတ်လွှင့်သူအား ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းထုတ်ပြန်


3.25.4

မင်္ဂလာဈေးအနီး လုံခြုံရေးတာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုံခြုံရေး အဖွဲ့အစည်းများဖြင့် ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ကောလာဟလ သတင်းများအား မယုံကြည်ကြရန်နှင့် ကောလာဟလသတင်း ထုတ်လွှင့်သူအား သိရှိပါက ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြပါရန် မတ်လ ၂၅ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု သတင်းထွက်ပေါ်မှုများနှင့် ပတ်သက်၍ တာမွေမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက “ကောလာဟလပါ ဘာမှမဖြစ်ပါဘူး တည်ငြိမ်နေပါတယ်။ လူစည်ကားတဲ့ မအူကုန်း၊ ယုဇနပလာဇာရှေ့ စတဲ့နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ အထိုင်နေရာယူပြီး လုံခြုံရေး ဆောင်ရွက်နေပါတယ်။ လှည့်ကင်းများလည်း ဆောင်ရွက်နေပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ၁၀၀ ၀န်းကျင်အပြင် အခြားမြို့နယ်တွေက ရဲတပ်ဖွဲ့ဝင် ၄၀၀ လောက်နဲ့ ပူးပေါင်းပြီး လုံခြုံရေးရယူ ဆောင်ရွက်နေပါတယ်။ ပြည်သူတွေ အနေနဲ့ ဘာမှစိတ်မပူဖို့ ပြောချင်ပါတယ်” ဟု မတ်လ ၂၅ ရက် ည ၈ နာရီ က Eleven Media Group သို့ ပြောကြားခဲ့သည်။
3.25.4
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မြယာကုန်းလမ်းအတွင်း လုံခြုံရေးတာဝန်ယူနေသည့် ရပ်ကွက်သားများကိုတွေ့ရစဉ်
လက်ရှိအချိန်တွင် တာမွေ၊ မင်္ဂလာတောင်ညွှန့် စသည့်မြို့နယ်များတွင် ရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက လမ်းအလိုက် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တောင်ညွန့် ၄ ရပ်ကွက်၊ မြယာကုန်းလမ်းတွင် နေထိုင်သူ တစ်ဦးက “သတင်းတွေ ထွက်ပေါ်နေလို့ လမ်းလုံခြုံရေး ယူထားတဲ့ သဘောပါ။ ဒီမှာဘာမှ မဖြစ်ပါဘူး တည်ငြိမ်နေပါတယ်။ လက်ရှိလုံခြုံရေး တာဝန်ယူနေ သူတွေကလည်း ဒီလမ်းထဲမှာနေတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါပါတယ်။ ကျွန်တော်တို့ အနေနဲ့က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်တာကိုပဲ လိုချင်တာပါ” ဟု ပြောသည်။
တာမွေမြို့နယ် မအူကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တစ်ဦးက “ရပ်ကွက်မှာက ဘာမှမဖြစ်ပါဘူး။ သတင်းတွေ ထွက်ပေါ်နေလို့သာ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး လာယူပေးနေသလို ရပ်ကွက်ကရော အရန်မီးသတ် တပ်ဖွဲ့ဝင်တွေပါ ရပ်ကွက်လုံခြုံရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင် နေတာပါ။ ဆိုင်တွေကတော့ ည ၉ နာရီမှာ ပိတ်ရမယ်လို့ အထက်က ညွှန်ကြားထားတယ်” ဟု မတ်လ ၂၅ ရက်ည ၈ နာရီ ၃၀ မိနစ် ၀န်းကျင်က ပြောပြခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။