Thursday, December 6, 2012

HIV/AIDS ဝေဒနာရှင်များအတွက် ART ဆေးဝါးဖြန့်ဝေမှု နှစ်ဆတိုးမြှင့်ရန်လို

 မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာရှင်များအား ဆေးဝါးဖြန့်ဝေမှုမှာ  ၄၀ ရာခိုင်နှုန်းရှိရာမှ လာမည့်နှစ်နှစ်အတွင်း  နှစ်ဆ ထပ်မံတိုးမြှင့်ပေးသင့်သည်ဟု  နောင်ချိုမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်သည့် World AIDS Day အခမ်းအနားတွင် ဒေါက်တာစိန်စိန်သိန်းက အကြံပြုပြောကြားခဲ့သည်။

 

 

၂၀၁၅ခုနှစ်တွင် ဆေးဖြန့်ဝေပေးမှု ၂ဆ တိုးမြှင့်ပေးရန်အတွက် လိုအပ်ရခြင်းမှာ မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာရှင် များစွာရှိသည့်အနက်မှ ဆေးမရရှိသေးသူ တစ်သိန်းနှစ်သောင်းခန့် ရှိနေခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

 

 

"ဘာကြောင့်ဆေးကို ၂ဆတိုးပြီး ဆေးဖြန့်ဝေသင့်သလဲဆိုရင် ဆေးမရရှိသေးတဲ့ လူတွေ တစ်သိန်း၂ သောင်းရှိနေ တယ်၊ နှစ်စဉ်လည်း သေဆုံးတဲ့ ဝေဒနာရှင် ၂သောင်း လောက်ရှိနေလို့ အခုလိုပြောရတာပါ" ဟု ဒေါက်တာ စိန်စိန်သိန်းက ပြောသည်။

 

 

မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်ခံရသူ ၇သိန်းခန့်ရှိပြီး တစ်နေ့လျှင် (၂၁)ဦးနှုန်းဖြင့် ကူးစက်မှုခံနေရကြောင်း ၊ AIDS  ဝေဒနာရှင် များအနေဖြင့် ဆေးလုံလောက်စွာ မရရှိခြင်းကြောင့် နှစ်စဉ် (၂)သောင်းခန့် သေဆုံးလျှက်ရှိကြောင်း သိရသည်။

 

 

 HIV ကူးစက်ခံရမှုများတွင် ရာခိုင်နှုန်းအများစုမှာ မူးယစ်ဆေးအား အကြောထဲသို့သုံးစွဲခြင်းဖြင့် (၄၃)ရာခိုင်နှုန်း ၊ ပြည့်တန်ဆာမှ (၃၂)ရာခိုင်နှုန်းအထိရှိသည်ဟု မှတ်တမ်းများအရ သိရသည်။

 

 

"ရှမ်းပြည်နယ်မှာ HIV ကူးစက်မှု အများဆုံးဧရိယာထဲမှာ တစ်ခုအပါအ၀င်ဖြစ်တယ်၊ ယနောင်းတို့ မယ်ဆိုင်တို့ ထွက်သွားတဲ့ တိုင်းရင်းသူတွေ ရွှေလီတို့ ကြယ်ခေါင်တို့ဖြတ်သွားတဲ့ တိုင်းရင်းသူ တွေဟာ ငွေကိုလွယ်လွယ်ရှာတတ်နေပြီဖြစ်တယ် ၊ " ဟု ရှမ်းပြည်နယ်မှ ဒေသခံတိုင်းရင်းသူတစ်ဦးက ပြောသည်။

 

 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ပါဟတ်ရပ်ကွက်၌ ဒီဇင်ဘာ (၁)ရက်နေ့က World AIDS Day အခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

၂၀၀၀ခုနှစ်တွင် ကမ္ဘာပေါ်၌ HIV ကူးစက်ခံရမှုနှုန်းမှာ ၃၆.၁ သန်းရှိကြောင်း ၄င်းထဲတွင် အာရှပစိဖိတ် နိုင်ငံများမှာ ကူးစက်ခံရမှုနှုန်း ၇၀.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း အင်တာနက်ဝက်ဆိုက်ဒ်များမှ ဖော်ပြချက်များအရ သိရှိရသည်။

 

 

 

ကမ္ဘာပေါ်တွင် HIV ကူးစက်မှု အမြင့်မားဆုံးနိုင်ငံများ၌ မြန်မာနိုင်ငံသည် တတိယအဆင့်၌ ရှိနေပြီး ပထမအဆင့်တွင် ကမ္ဘောဒီးယား ၊ ဒုတိယတွင် ထိုင်းနိုင်ငံတို့ဖြစ်သည်။

 


ပြင်ဦးလွင်မြို့နယ်၌ ထီလက်မှတ်ဈေးနှုန်း(၃)ဆခန့်ဈေးမြင့်နေ

 

ပြင်ဦးလွင်မြို့နယ်တွင် ထီလက်မှတ်ဈေးနှုန်းအား (၃)ဆခန့် ဈေးတင်ကာ အိမ်တိုင်ရာရောက် လိုက်လံရောင်းချသည့် ၀န်ဆောင်မှုများပြုလုပ်လာကြောင်း သိရသည်။

 

 

အစိုးရထီ ပေါက်ဈေးမှာ တစ်စောင်လျှင် (၂၀၀) ကျပ်ဖြစ်သော်လည်း ကျေးရွာများသို့ လိုက်လံ ရောင်းချရာ၌ ရွှေမြန်မာထီဆိုင်တွင် တစ်စောင်လျှင် ကျပ်(၇၀၀)နှုန်းဖြင့် ရောင်းချနေပြီး၊ ရတနာသိန်းထိုက်အောင်ထီဆိုင်တွင် တစ်စောင်လျှင် (၄၀၀) ကျပ်ဖြင့် လိုက်လံရောင်းချလျှက်ရှိခြင်းဖြစ်သည်။

 

 

ထီလက်မှတ် ဈေးမြင့်တက်ရောင်းချနေသော်လည်း ဒေသခံများမှာ အလုအယက်ဝယ်ယူနေကြောင်းကိုလည်း သိရသည်။

 

 

"ကျွန်မတို့လည်း မသိဘူးလေ သူတို့က သုံးလုံးတူရင် ငါးသိန်းရမယ်။ ငါးလုံးတူရင်သိန်းနှစ်ဆယ်ရမယ်ပြောတာကို။ အဲ့ဒါနဲ့ စိတ်ပါပြီးဝယ်ဖြစ်သွားတာ"ဟု ဒေသခံတစ်ဦးဖြစ်သူ ဒေါ်မာယားက ပြောသည်။

 

 

မြို့တွင်း ထီဆိုင်များ၌မူ ထီလက်မှတ်တစ်စောင်လျှင် (၃၀၀) ကျပ်သာ ကျသင့်ပြီး၊ သုံးလုံးတူလျှင်လည်း ဆုငွေကျပ်ငါးသိန်း ရရှိမည်ဖြစ်သည်။ ထိုဆုငွေသည် အစိုးရမှ ချပေးထားသော ဆုငွေဖြစ်သည်။

 

 

"အကိုတို့က နှစ်ဖွဲ့ရှိတယ်။ ရှမ်းပြည်နယ်တစ်ခုလုံး လိုက်ရောင်းရတာပေါ့။ အစိုးရကတော့ နှစ်ရာနဲ့ချ ပေးတာပါ။ အကိုတို့ကတော့ ပင်ရင်းကရောင်းခိုင်းတဲ့အတိုင်းရောင်းရတာ။ လျှော့ရောင်းရင် အကိုတို့ လစာထဲကဖြတ်ခံရမှာ" ဟု ရွှေမြန်မာထီဆိုင်မှ အိမ်တိုင်ရာရောက်လိုက်လံရောင်းချပေးနေသော ထီကားမှ မန်နေဂျာ စိန်မြ၀င်းကပြောသည်။

 

 

ထိုကဲ့သို့ အိမ်တိုင်ရရောက် လိုက်လံရောင်းချမှုများတွင် ထီထိုးသူများမှ အနည်းဆုံး ငါးစောင်တွဲ (၃၅၀၀ကျပ်)နှင့် အများဆုံး အစောင်ငါးဆယ်ပါ ထီတစ်အုပ် (၃၅၀၀၀ကျပ်)အထိ ၀ယ်ယူမှုများ ရှိကြောင်း တွေ့ရသည်။

 

 

ဒေသခံများအနေဖြင့် (၃၅၀၀) ကျပ်ပေး၍ အိမ်တိုင်ရာ လာရောက်ရောင်းချသော ထီငါးစောင်အား ၀ယ်လျှင် ပင်ရင်းထီဆိုင်၌၀ယ်သောသူမှာ (၃၀၀၀) ကျပ်ပေး၍ထီလတ်မှတ် (၁၀)စောင်ရရှိမည် ဖြစ်သည်။

 

 

ယခင်အချိန်များက အိမ်တိုင်ရာရောက် လာရောက်ရောင်းချမှုများတွင် ထီလတ်မှတ်အတုများအားကျေးရွာများ၌ လိမ်၍ရောင်း သွားသောဖြစ်ရပ်များလည်းရှိခဲ့ဖူးသည်ဟုလည်း သိရသည်။

 

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ဆောင်ချက်များအား ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း ပြောကြား