Wednesday, March 8, 2017

ဒုံးကျည်ပစ်လွှတ်မှုက ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို ပစ်ရန် လေ့ကျင့်ခြင်းဖြစ်ဟု မြောက်ကိုရီးယားပြော

ပြုံယမ်း၊ မတ် ၇ ။           ။ တစ်ကမ္ဘာ့လုံး ပြစ်တင်ရှုတ်ချမှုတွေ တင်းကြမ်းပြည့်နေတဲ့ကြား မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ ဂျပန်မှာ ရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ရန် လေ့ကျင့်နေခြင်းဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
မတ် ၆ ရက်က မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်လေးစင်းပစ်လွှတ်ခဲ့ရာမှာ သုံးစင်းက ဂျပန်ရဲ့ အထူးစီးပွားရေးဇုန်ပိုင်နက်ရေပြင်အတွင်း ကျရောက်ခဲ့တာဖြစ်ပြီး အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကိုလည်း စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ သီးခြားဖုန်းခေါ်ဆိုမှုတွေမှာ အမေရိကန်အနေနဲ့ ဂျပန်နဲ့ တောင်ကိုရီးယားအပေါ် ထားတဲ့ကာကွယ်ရေးကတိကဝတ်တွေကို မပျက်ပြယ်စေရဘူးလို့ ထပ်လောင်းအတည်ပြုထားပါတယ်။
မြောက်ကိုရီးယားဟာ သူ့လုပ်ရပ်အတွက် အလွန်ထိတ်လန့်ဖွယ်အကျိုးဆက်တွေရှိနေတယ်ဆိုတာ ဝါရှင်တန်က သက်သေပြသွားမှာဖြစ်ကြောင်း အိမ်ဖြူတော်ကလည်း ထုတ်ပြန်ထားပါတယ်။
ဒုံးကျည်ပစ်လွှတ်လိုက်ပြီးနောက်မှာ မြောက်ကိုရီးယးအပေါ် နောက်ထပ်အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ဝါရှင်တန်နဲ့ တိုကျိုရဲ့ တောင်းဆိုမှုအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးကို မတ် ၉ ရက်မှာ ကျင်းပဖို့ ရှိနေပါတယ်။
ကုလသမဂ္ဂဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားနိုင်ငံဟာ ဖျက်အားပြင်းဒုံးကျည်နည်းပညာ အသုံးပြုမှုတွေကို တားမြစ်ထားတာဖြစ်ပါတယ်။ “ကမ္ဘာက မြောက်ကိုရီးယားကို ဖျက်လိုဖျက်ဆီးလမ်းကြောင်းမှာ ဆက်ရှိနေတာကို ခွင့်ပြုတော့မှာ မဟုတ်”လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။