Friday, November 22, 2013

ဟသာင်္တခရိုင်အတွင်း မြစ်ကမ်းပြိုမှုကာကွယ်ရန် တိုင်းအစိုးရနှင့်သမ္မတ ရန်ပုံငွေကို အသုံးပြုမည်

ဧရာဝတီိတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းရှိ ကမ်းပြိုမှု အန္တရာယ်ကြုံတွေ့နေရသည့် ဒေသများသို့ အခြေ ထိန်း သဲအိတ်ဖြည့်ခြင်း ၊ ရေလွဲရေကာတာတည်ဆောက်ခြင်းများနှင့် ကမ်းပြိုထိန်းသိမ်းရန် လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နိုင်ငံတော်သမ္မတ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
၂ဝ၁၃-၂ဝ၁၄ခုနှစ် ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ နဲ့ နိုင်ငံတော်သမ္မတရန်ပုံငွေ ဆိုပြီးရရှိခဲ့ ပါတယ်။ ဟင်္သာတခရိုင် အတွင်း မြစ်ကမ်းပြိုမှုကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ငွေကျပ်သိန်း (၃၇၀၀) ကျော် ရရှိပါတယ်။ နေရာဒေသတစ်ခုရဲ့ကမ်းပြိုမှုအပေါ် မူတည်ပြီး ကမ်းပြိုမှုထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ဆောင်ရွက်ဖို့ရှိပါတယ်ဟု ဟသာင်္တမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြော သည်။
 ဟသာင်္တခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်နှင့် လေးမျက်နှာစသည့် မြို့နယ်များသည် အဓိက မြစ်ကမ်းပါးပြို ကျမှုများ အဖြစ်များပြီး ဟသာင်္တမြို့နယ်အတွင်း အုတ်ရှစ်ကုန်းကျေးရွာ၊ ရေလဲကျေးရွာ၊ ရေလယ်ကျွန်း ကျေးရွာ၊ အေးရွာနှင့် ကျောက်ရဲကျေးရွာစသည့် ကျေးရွာ(၅)ရွာသည် ကမ်းပြိုနှုန်းအများဆုံးဖြစ်သည်ဟု ဒေသခံများထံကသိရသည်။
ကမ်းပြိုကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက နှစ်စဉ်ကြုံတွေ့နေရသည့် လုပ်စားမြေ ဆုံးရှုံးမှုများ၊ ရွာလုံးကျွတ်နီးပါးပြောင်းရွေ့နေရသည့် ဒုက္ခများ၊ ရွှေ့ပြောင်းစရိတ်နှင့် မြေနေရာဝယ်ယူခြင်းဒုက္ခများမှ ကင်းဝေးမည်ဖြစ်သည့်အတွက် အဆိုပါအစီအစဉ်များအား စတင်အကောင်အထည်ဖော်သင့်ကြောင်း ကမ်းပြိုရွာများမှ ဒေသခံများက ဆိုသည်။
ဒီလိုကမ်းပြိုမှုကို ကာကွယ်ပေးဖို့ နိုင်ငံတော်က ဆောင်ရွက်ပေးမယ်ဆိုတော့ ကျွန်တော်တို့နှစ်စဉ်လိုလို ကမ်းပြိုတဲ့ အထဲပါသွားလို့ တောင်ယာမဲ့ဖြစ်ပြီး လက်လုပ်လက်စားဖြစ်နေတဲ့ လူတန်းစားတွေနဲ့ စာသင် ကျောင်းတွေလည်း ကမ်းပြိုတဲ့အထဲပါကုန်လို့ ဘုန်းတော်ကြီးကျောင်းတွေမှာ သင်ရမယ့် ဒုက္ခတွေက ကင်းဝေးခွင့် ရတော့မယ် ဟု ကမ်းပြိုအန္တရာယ်ခံစားနေရသူ ဒေသခံ ကိုဟန်ထွန်းအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၀၀ခုနှစ်ခန့်မှ စတင်မြေပြိုခဲ့ရာ ၂၀၁၁ခုနှစ်တွင် ဆိုးရွားစွာ ကမ်းပြိုခဲ့ ကြောင်း၊ ၂၀၁၃ခုနှစ်တွင် ကမ်းပြိုမှုကြောင့် ဟသာင်္တမြို့နယ် စစ်ကုန်အုပ်စုအတွင်း မြေယာမဲ့ပေါင်း ဧကသုံးရာကျော်ခန့်ရှိပြီ ဖြစ်ကြောင်း၊ မြေယာရှားပါးမှုကြောင့် မြေနုကျွန်းများ ပိုင်ဆိုင်မှုအတွက် တောင်သူအချင်းချင်း အငြင်းပွားမှု များဖြစ်ရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေနုကျွန်းများ ရှားပါးလာသည့်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ မြေနုကျွန်းများ ခွဲဝေပေးရန် နိုင်ငံတော်သမ္မတထံသို့ တင်ပြထားသည်ဟု ဒေသခံတောင်သူများထံမှ သိရသည်။
တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါတ်တာသိန်းစိုးက ကမ်းပြိုမှုတွေနဲ့ ပတ်သက်လို့ တင်ပြလာတဲ့အပေါ်မှာ နိုင်ငံတော်အစိုးရအနေနဲ့ လိုအပ်လို့ ကူညီဆောင်ရွက်ဖို့ တင်ပြတာတွေ ရှိပါတယ်။ အဲဒါကြောင့် တိုင်းရုံးက ကျွန်တော်တို့ကို ညွှန်ကြားလာတဲ့အတွက် ကမ်းပြိုတဲ့နေရာတွေကို ကွင်း ဆင်းစစ်ဆေးပြီး အသေးစိတ်အချက်အလက်တွေနဲ့ တင်ပြထားခြင်းဖြစ်ပါတယ်ဟု ဟင်္သာတမြို့နယ် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ခရိုင်ဦးစီးမှူး ဦးလှသိန်းက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။