Friday, November 22, 2013

မန္တလေးဆိပ်ကမ်းတွင် ဒီဇင်ဘာမှစတင်ကာ အခွန်စနစ်သုံးမျိုး ထပ်ကောက်မည်

မန္တလေးမြို့ ဧရာဝတီဆိပ်ကမ်းတွင် ၂၀၁၃ ဒီဇင်ဘာမှစတင်၍ အခွန်သုံးမျိုးကောက်ခံသွားမည်ဟု ရေ အရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းလှိုင်က နိုဝင်ဘာ ၂၀ ရက်တွင် မဇ္ဈိမကိုပြောသည်။

ဆိပ်ကမ်းအသုံးပြုခွင့်အခွန်၊ ဆိပ်ကမ်းဆိုက်ကပ်ရပ်နားခွန်နှင့် ကမ်းဘေးအပါအ၀င် ကမ်းနားစုပုံခွန် အဖြစ် အခွန်သုံးမျိုးကောက်ခံသွားမည်ဖြစ်သည်။
“ဆိပ်ကမ်းဆိုက်ကပ်ရပ်နားခွန်ကိုတော့ ပုဂ္ဂလိကကိုတင်ဒါစနစ်နဲ့လွှဲဖို့ စီစဉ်နေပါတယ်။ ဆိပ်ကမ်းအသုံး ပြုခွင့် အခွန်နဲ့ ကမ်းနားပစ္စည်းစုပုံခွန်တွေကိုတော့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ တိုက်ရိုက်စီမံဆောင်ရွက်သွားကြမှာပါ” ဟု ဦးဝင်းလှိုင်က ပြောသည်။
ဆိပ်ကမ်းအသုံးပြုခွင့်အဖြစ် တစ်နှစ်စာအတွက် တစ်စတုရန်းမီတာလျှင် ၁၂၅ ကျပ်နှုန်းသတ်မှတ်ထားပြီး လျှောက်ထားသူ၏ ဧရိယာပေါ်မူတည်ကာ တန်ဖိုးကွာဟနိုင်သည်။
ဆိပ်ကမ်းဆိုက်ကပ်ရပ်နားခွန်အတွက် သင်္ဘော၊ မော်တော်နှင့် လှေများကို ကောက်ခံရမည့်နှုန်းထားများ သတ်မှတ်ကာ တင်ဒါအောင်သူမှ ကောက်ခံသွားရမည်ဖြစ်သော်လည်း လက်ရှိတွင် ကောက်ခံရမည့်နှုန်း ထားမသတ်မှတ်ရသေးကြောင်းသိရသည်။
ကမ်းနားစုပုံခွန် သတ်မှတ်နှုန်းထားများတွင် သဲစုပုံလျှင် တစ်နှစ်စာတစ်စတုရန်းမီတာလျှင် ၃၅၀ ကျပ် သတ်မှတ်ထားပြီ အခြားကုန်ပစ္စည်းများ စုပုံထားရှိမှုတွင် အမျိုးအစားအလိုက် ၂၅၀ကျပ်၊ ၁၅၀ ကျပ်ဟူ၍ ကောက်ခံသွားမည်ဟု သိရသည်။
ထို့အပြင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်အတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မန္တလေးတိုင်းအတွင်းရှိ ကမ်းပါးပြိုကျမှုများဖြစ်ပေါ် ခဲ့သော နေရာများအားကာကွယ်မှုများဆောင်ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များထံ နိုဝင်ဘာ ၂၀ ရက် တွင် တင်ဒါများခေါ်ယူထားသည်ဟု ဦးဝင်းလှိုင်က ဆိုသည်။
“ကမ်းပါးပြိုတဲ့ ကိုးနေရာကို ကာကွယ်မှုတွေဆောင်ရွက်ဖို့ တင်ဒါခေါ်နေပါပြီ။ အခုလုပ်မယ့် ကိုးနေရာ နှစ်စဉ် ကမ်းပြိုမှု ကြုံတွေ့နေရတဲ့ နေရာတွေပါ” ဟု ၎င်းက မဇ္ဈိမကိုပြောသည်။
ဧရ၀တီမြစ်ရေတိုက်စားမှုကြောင့် စဥ့်ကူးမြို့နယ် ဆည်သည်ကျေးရွာတွင် အရှည် ၁၄၀၀ မီတာ၊ ထီး ကုန်း သာယာဝတီကျေးရွာတွင် ၇၅၀ မီတာ၊ ဟင်္သာမကျေးရွာတွင် ၇၅၀မီတာ၊ မတ္တရာမြို့နယ် သဖန်း ထောင့်ကျေးရွာတွင် ၅၀၀ မီတာ၊ ပုသိမ်ကြီးမြို့နယ် ညောင်ပင်သာ ကျေးရွာတွင် ၇၅၀မီတာ၊ ငါန်းဇွန်မြို့ နယ် ယက္ခဒီပကျေးရွာတွင် ၅၀၀မီတာ၊ မြင်းခြံမြို့နယ် ဆီမီးခုံရွာတွင် ၁၅၀၀ မီတာ၊ စားကြူး အလယ်ရွာ တွင် ၃၀ မီတာ နှင့် လင့်ကြီးမြောက်ကျေးရွာတွင် ၆၀၀ မီတာ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကာကွယ်ရေးလုပ် ငန်းများကို ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်သွားမည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။