Wednesday, August 28, 2013

လက်ထပ်ရန်ငြင်းသဖြင့် အမျိုးသမီးတစ်ဦး ဓားထိုးခံရ

လက်ထပ်ရန် ငြင်းဆန်သည့် အမျိုးသမီးတစ်ဦးကို ရည်းစားဟောင်းက ဓားဖြင့်ထိုးသည့် အမှုတစ်ခု သြဂုတ် ၂၅ ရက်က ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ဓားထိုးခံရသည်မှာ ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွင် စာရေးမအဖြစ် လုပ်ကိုင်သူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။

ထိုအမျိုးသမီးကို ဓားဖြင့်ထိုးသည်မှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည့် လူငယ်တစ်ဦးဖြစ်ပြီး ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်တွင် နေထိုင်သည့် ကိုသိန်းသိန်းအောင် (ခ)ကိုချစ်ကို ဆိုသူဖြစ်သည်ဟု လည်း ရဲဌာနက ဆိုထားသည်။

အမျိုးသမီးသည် သြဂုတ် ၂၅ ရက်ည ၈ နာရီကျော်တွင် ယခင်က ရည်းစားဖြစ်ခဲ့ဖူးသူ ထိုလူငယ်နှင့် လမ်းကြား တစ်ခုတွင် ပြန်တွေ့ရာ အတင်းအကြပ် လက်ထပ်ခိုင်းသဖြင့် မယူနိုင်ကြောင်း တုန့်ပြန်ပြောကြားခဲ့ရာ လူငယ်က ဓားဖြင့် ထိုးလိုက်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

၎င်းလူငယ် အသုံးပြုခဲ့သည့်ဓားမှာစာရွက်ဖြတ်ရာတွင် သုံးသည့် အဆစ်များပါသော ဓားဖြစ်ပြီး အမျိုးသမီး၏ ၀ဲဘက်  ရင်အုံအောက်ကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် သူမကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသထားရပြီး ဒဏ်ရာသည်လည်း စိုးရိမ်ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုကိစ္စကို ဓားထိုးခံရသည့် အမျိုးသမီးက တရားလိုပြုလုပ် တိုင်တန်းထားပြီး ကမာရွတ် ရဲစခန်းကလည်း အမှုဖွင့်ထားကာ ဓားဖြင့်ထိုးသည်ဟု စွပ်စွဲခံထားရသူကိုလည်း ရဲများက ဖမ်းဆီးစစ်ဆေးနေကြောင်း တိုင်းရဲဌာနက ထုတ်ပြန်သည်။၎င်းလူငယ်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှုဖြင့်တရားစွဲမည်ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။