Wednesday, August 28, 2013

ဆိုင်ကယ်စီးခွင့် ပြန်ရရန် တိုင်းဒေသကြီးအစိုးရထံ အသနားခံစာ တင်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်စီးခွင့် ပြန်ရရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ အသနားခံစာ တင်မည်ဖြစ်သည်ဟု လှိုင်သာယာမြို့နယ်မှ ဒေသခံများက သြဂုတ် ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

အသနားခံစာတင်ရန်အတွက် လှိုင်သာယာမြို့နယ်မှ ဒေသခံများက သြဂုတ် ၂၈ ရက်တွင် စုပေါင်းသဘောထား ခံယူမည်ဖြစ်ကာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေထံ လိပ်မူပြီး အသနားခံစာတင်မည် ဖြစ်သည်ဟုလည်း
ဒေသခံ များက ပြောသည်။

လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်စီးနင်းသူများကို တင်းကျပ်စွာ ဖမ်းဆီးခြင်းကို သြဂုတ်လအတွင်းက စတင်ခဲ့ပြီး
ထောင်ဒဏ် သုံးနှစ်နှင့် ဆိုင်ကယ်သိမ်းမည်ဖြစ်သည်ဟု အချို့ရပ်ကွက်များအတွင်း လိုက်လံ ကြေညာခဲ့သည်ဟု လည်း လှိုင်သာယာ ဒေသခံများက ပြောသည်။

လှိုင်သာယာ ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ဆန်းက "မနက်က လှိုင်သာယာမြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးနင်းတဲ့ သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ပြောတယ်။ လှိုင်သာယာက ဆင်ခြေဖုန်းမြို့လေးတစ်မြို့ပါ။ ဆိုင်ကယ်စီးနင်းခွင့် မရရင် လှိုင်သာယာမှာ အခက်အခဲ ရှိနိုင်တဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကအစ အဆင်မပြေ
ဖြစ်နိုင်ပါတယ်"ဟု ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ အချို့ကျေးရွာများသို့ သွားရောက်ရာတွင် လိုင်းကားမရောက်၍ ဆိုင်ကယ်ကယ်ရီများ ကိုသာ အားထားရသောကြောင့် ဆိုင်ကယ်စီးခွင့် ပြန်ရလိုကြောင်း ဒေသခံများက ပြောခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ်၊ ကျွန်းကလေးကျေးရွာမှ ဒေသခံ ဦးမောင်မောင်ကျော်ကလည်း "အရမ်းဆိုးသွမ်းပြီး
မောင်းနှင်နေတဲ့ လူတွေကို လုပ်မယ်ဆိုရင် ဒဏ်ငွေရိုက် တရားရုံးတင်ပါ။ အခု ဒီလိုမျိုး ဆိုင်ကယ်စီးနင်းမှုကို သိမ်းမယ်ဆိုရင် သွားရေးလာရေးအတွက် အဆင်မပြေတော့မှာကို စိုးရိမ်နေကြတယ်" ဟုပြောသည်။

ယခင်က တရားမ၀င် ဆိုင်ကယ်စီးနင်းခြင်းကို ဖမ်းဆီးမှုရှိသော်လည်း ယခုကဲ့သို့မပြင်းထန်ကြောင်း လိုင်စင်ရှိ ဆိုင်ကယ်ဆိုပါက ကျပ်ငါးသောင်းဖြင့် ပြန်ရွေးနိုင်သော်လည်း ယခုတစ်ကြိမ် ဖမ်းဆီးမှုတွင် ထောင်ဒဏ်ပါလာပြီး လိုင်စင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆိုင်ကယ်ကို သိမ်းယူမည်ဆိုသောကြောင့် ဒေသခံများအနေဖြင့် အဆင်မပြေ မှုများ ဖြစ်ပေါ်နေသည်ဟု ၎င်းတို့က ဆိုခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းမှု အရေအတွက်မှာ အစီးရေ သိန်းနှင့်ချီ ရှိသည်ဟုလည်း ဒေသခံများက ဆိုသည်။

လှိုင်သာယာမြို့နယ်ရှိ လိုင်းကားစီးရန် ခက်ခဲပြီး ဆိုင်ကယ်ဖြင့် သွားလာမှုကို အားထားရသည့် ကျေးရွာအချို့မှာ ကမ်းပြိုကျေးရွာ၊ ကျွန်းကြီးကျေးရွာ၊ တလိကျေးရွာ၊ ရိုးကြီး၊ ရိုးလေး၊ ရေအုတ်၊ ကံညောင်ကျေးရွာနှင့် ဒိုင်စုကျေးရွာ တို့ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း တရားမ၀င်စီးနင်းနေသော ဆိုင်ကယ်များကို ပြီးခဲ့သည့် ဇူလိုင်လဆန်း ပိုင်းက မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့ရပ်ကွက်တွင် ဖမ်းဆီးခဲ့ပြီး အဌားဆိုင်ကယ်များကို ဖမ်းဆီးခဲ့ခြင်း
ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။