Monday, August 5, 2013

သေမင်းတမန်ရထားလမ်းဖောက်လုပ်ရာတွင် ကျဆုံးခဲ့သည့် တပ်သားများ ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂါရ၀ပြု

ဗြိတိန်အောက်လွှတ်တော်ဥက္ကဌနှင့် အဖွဲ့သည် သြဂုတ် ၃ ရက် မနက် (၁၀း၃၀)နာရီခန့် အချိန်တွင် မွန်ပြည်နယ်သံဖြူဇရပ်မြို့ရှိ မဟာမိတ်စစ်သင်္ချိုင်းနှင့် ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ စတင်ဖောက်လုပ်ခဲ့သော ယိုးဒယား-မြန်မာ မီးရထားလမ်း(သေမင်းတမန်ရထားလမ်း)သို့ သွားရောက်လေ့လာကာ ဂါရ၀ပြုခဲ့ကြောင်း သိရသည်။

SAM 3217 

ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျပန်တပ်မတော်မှ သေမင်းတမန် ရထားလမ်း ဖောက်ရာတွင် ဗြိတိန်တပ်သားများနှင့် မဟာမိတ်တပ်သား သုံ့ပန်းများကို အသုံးပြုခဲ့ပြီး သေဆုံးခဲ့သူများကို သံဖြူဇရပ် စစ်သင်္ချိုင်းတွင် မြှုပ်နှံထား သောကြောင့် ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားဂိုးလ် အနေဖြင့် လာရောက် ဂါရ၀ပြုခဲ့ခြင်း ဖြစ်သည်။

"မဟာမိတ်စစ်သင်္ချိုင်းက အရှေ့တောင်အာရှမှာ (၃)ခုရှိပါတယ်။ ထိုင်းနိုင်ငံမှာ(၂)ခု၊ မြန်မာနိုင်ငံမှာ(၁)ခုပါ။ ဗြိတိန်အောက်လွှတ်တော်ဥက္ကဌကြီးက စစ်သင်္ချိုင်း ထိန်းသိမ်းပေးထားတာကို ကျေးဇူးတင်ပါတယ်လို့ ပြောသွား ပါတယ်။" ဟု သံဖြူဇရပ်ရှိ မဟာမိတ်စစ်သင်္ချိုင်း ထိမ်းသိမ်းစောက်ရှောက်ရေး ကော်မရှင်မှ ကိုရောဘတ်ထွန်းနွယ် ကပြောသည်။

ဗြိတိန် အောက်လွှတ်တော်ဥက္ကဌသည် စစ်သင်္ချိုင်းအတွင်းရှိအထိမ်းအမှတ် ကျောက်တိုင်ကို ပန်းခွေချ ဂါရ၀ပြုခဲ့ခြင်းဖြစ်ကာ ၎င်းတို့အဖွဲ့သည် ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်စစ်သည်များ ကျဆုံးခဲ့သော သေမင်းတမန်ရထားလမ်းသို့သွားရောက်လေ့လာကာဂါရ၀ပြုခဲ့ကြောင်း သိရသည်။

သံဖြူဇရပ် မဟာမိတ်စစ် သင်္ချိုင်းသည် သံဖြူဇရပ်-ကျိုက္ခမီသွား ကားလမ်းဘေးတွင် တည်ရှိပြီး ၁၀ ဧကခန့် အကျယ်အ၀န်းရှိကာ ဒုတိယကမ္ဘာစစ်အတွင်းကျဆုံးခဲ့သည့် အင်္ဂလိပ်၊ ကနေဒါ၊ သြစတြေးလျ၊ နယူဇီလန်၊ မြန်မာ၊ မလေးရှား၊ နယ်သာလန်စသည့် နိုင်ငံများမှ စစ်သည်တို့၏ အရိုးပြားများကို မြှပ်နှံထားပြီး အုတ်ဂူငယ်ပေါင်း ၃၇၇၁ ခု ရှိကြောင်း သိရသည်။

၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာ စစ်သင်္ချိုင်းကော်မရှင် ၏ ထောက်ပံ့ထိန်းသိမ်းမှုဖြင့် သက်တမ်းအနှစ် ၆၀ နီးပါးရှိပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်သင်္ချိုင်းအား အပန်းဖြေ စခန်းအဖြစ် ထိန်းသိမ်းထားရှိပြီး ကျဆုံးခဲ့သော ရဲဘော်များ၏ သားသမီး ဆွေမျိုးများ နိုင်ငံခြားသားဧည့်သည် ၃၀၀ ကျော်ခန့် နှစ်စဉ်လာရောက် ဂါရ၀ပြုလေ့ ရှိကြောင်း ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မရှင်ထံက သိရသည်။

ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားဂိုလ်းအနေဖြင့် သံဖြူဇရပ်ရှိ စစ်သင်္ချိုင်းသို့ မသွားရောက်မှီ (၁၁) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ဆရာ၊ ဆရာမများ ကျောင်းသူ၊ ကျောင်းသားများ မီဒီယာများနှင့် (၄၅)မိနစ်ခန့် တွေ့ဆုံဆွေးနွေးမှုအချို့ပြုလုပ်ခဲ့သည်။

ဂျွန်ဘားဂိုလ်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီပါတီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး မြန်မာပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ တိုင်းရင်းသားဒေသများသို့လည်း သွားရောက်ရန်ရှိကြောင်း ဖြစ်ကြောင်း ဗြိတိန်သံရုံးထံက သိရှိရသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။