Monday, August 5, 2013

နိုင်ငံခြားငွေ လဲလှယ်နှုန်း နှုန်းရှင်ပြုလုပ်နိုင်ရန် ကြားခံအဆင့် တစ်ဆင့်အား စတင်လုပ်ဆောင်မည်

နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးအတိုင်း နိုင်ငံခြား ငွေလဲနှုန်းအား နှုန်းရှင်သတ်မှတ်နိုင်ရေး လုပ်ဆောင်မည် ဆိုသော်လည်း လက်ရှိအနေအထားတွင် လုပ်ဆောင်နိုင်ဦးမည် မဟုတ်ဘဲ ကြားခံအဆင့် တစ်ဆင့်အား လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

အဆိုပါ နိုင်ငံတကာ ဈေးကွက်တွင် ဒေါ်လာအတက်အကျ ပြောင်းလဲမှု ဈေးနှုန်းအတိုင်း လုပ်ဆောင်မည့် Floating Market မစတင်မီ ဘဏ်အချင်းချင်းအကြား အရောင်းဝယ် လုပ်ခွင့်ပြုမည့် ကြားခံအဆင့်ဖြစ်သော Interbank Market အား စတင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောပါသည်။

"နိုင်ငံတကာဈေးကွက် ပေါက်ဈေးအတိုင်း ဒေါ်လာဈေး ပြောင်းလဲမှု သတ်မှတ်ဖို့ (Floating Market) အတွက် စတင်ဖို့အတွက် ပုဂ္ဂလိကဘဏ် အချင်းချင်းအကြားမှာ အရောင်းအ၀ယ် ပြုလုပ်ခွင့်ပေးမယ့် ကြားခံအဆင့် (Interbank Market) ကို စလုပ်မှာပါ။ ဒီလိုဘဏ်အချင်းချင်းအကြား ရောင်းဝယ်မှုကနေ (Floating Market)  ဖြစ်လာမှာပါ" ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

လက်ရှိအစိုးရ လက်ထက်တွင် ဗဟိုဘဏ်၏ အထင်ရှားဆုံး ပြောင်းလဲမှုမှာ နိုင်ငံခြားငွေလဲနှုန်းကို ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေလဲနှုန်း စနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်က စတင်ခဲ့သော အဆိုပါစနစ်သည် ဈေးကွက်အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ပြီး လက်ရှိအချိန်အထိ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၇၀ ကျော်အထိ မြင့်တက်ခဲ့ကာ ၂၀၁၂ ဧပြီ ၂ ရက်တွင် ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းကို ၈၁၈ ကျပ်ဖြင့် ဈေးသတ်မှတ်ခဲ့သော်လည်း တစ်နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာ ၁၀၀၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။    

ဘဏ်များနှင့် တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း ငွေလဲနှုန်းကို အခြေခံ၍ လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း၏ သတ်မှတ်ချက်ဘောင်အတွင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ယနေ့ ၅ ရက်တွင် ဘဏ်အချင်းချင်း စတင်အရောင်းအ၀ယ် ပြုလုပ်မည် ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။