Wednesday, August 14, 2013

ရွှေတိဂုံပေါ်သို့ လက်နက်ယူဆောင်သူအမှုဖွင့်ခံရ

ရွှေတိဂုံစေတီတော်ပေါ်သို့ လက်နက်သယ်ဆောင်လာသူတစ်ဥိးကို သြဂုတ် ၁၁ ရက်တွင် ဒဂုံရဲစခန်း၌ အမှုဖွင့်ပြီး ရဲများက ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုခ်စောင်းတန်းရှိ စစ်ဆေးရေးဂိတ်တွင် မသင်္ကာဖွယ်လူတစ်ဦး စစ်ဆေးတွေ့ရှိ ထားကြောင်း ဘုရားဂေါပကအဖွဲ့၏ သတင်းပေးသဖြင့် ရဲများကသွားရောက်စုံစမ်းရာမှ ယခုအမှုပေါ်ပေါက်ခဲ့ခြင်း
ဖြစ်သည်ဟု ရဲမှတ်တမ်းတွင်တွေ့ရသည်။

ရဲများက မသင်္ကာဖွယ်လူငယ်တစ်ဦးကို စစ်ဆေးခဲ့ရာ သူ့လွယ်အိတ်အတွင်းမှ အရိုးအသွား ၁၁ လက်မခန့်ရှိသော ထိပ်ဦးချွန်ပြီး သုံးမြှောင့်ပုံရှိသည့် စကေဘာလက်နက်တစ်ခုကို တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

ထိုသို့ စေတီတော်ပေါ် လက်နက်သယ်ဆောင်လာသူမှာ အသက် ၁၉ နှစ်အရွယ် ကိုအောင်ကျော်သိန်းဆိုသူ ဖြစ်ပြီး သူသည် ဒလမြို့နယ် ရဲချောင်းဝရွာတွင် နေထိုင်သူဖြစ်ကြောင်း ရဲများက အတည်ပြုထားသည်။

သူ့ကိုရဲကပင် တရားလိုပြုလုပ် တိုင်တန်းထားကာ ဒဂုံရဲစခန်းက အမှုဖွင့်ပြီး လက်နက်ဥပဒေဖြင့် တရားစွဲဆို မည်ဟု ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။