Friday, August 23, 2013

သံတွဲရေလွှမ်းမိုးမှု လူလေးဦးသေဆုံးပြီး အပျက်အစီးများ ပိုများလာပြီ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်းရှိ သံတွဲနှင့် တောင်ကုတ်မြို့နယ်များတွင် လွန်ခဲ့သော သုံးရက်ကစတင်၍
ရေလွှမ်းမိုးများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူလေးဦးသေဆုံးခဲ့ရပြီး အပျက်အစီးများလည်း တဖြည်းဖြည်း များပြားနေပြီဟု ဒေသခံများက ပြောသည်။



မိုးသည်းထန်သဖြင့် တောင်ကျရေများ တဟုန်ထိုးစီးဆင်းကျလာမှုနှင့် ဒီရေမြင့်တက်မှုတို့ကို အခြေခံသည့် ထိုရေလွှမ်းမိုးမှုဖြစ်စဉ်တွင် အနည်းဆုံးလူလေးဦးသေဆုံးခဲ့သည်မှာ မှန်ကန်ကြောင်း ရခိုင်လူမှုကွန်ရက်မှ ဦးမြင့်မိုးက မဇ္ဈိမကို ထပ်လောင်းအတည်ပြုပြောကြားသည်။

“ရေလွှမ်းမှုဖြစ်စဉ်အတွင်းမှာ ထင်းဆယ်သူတွေနဲ့ ငါးဖမ်းသူစုစုပေါင်းလူလေးဦးဆုံး သွားခဲ့ရတယ်” ဟု သူက ဆိုသည်။ “လူတွေ သေကြေပြီး ဆည်မြောင်းတာတမံတွေ ကျိုးပေါက်ကုန်တာဟာ ဒီတစ်ကြိမ် အဆိုးဆုံးပဲဗျ” ဟု သူကဆက်ပြောသည်။

ရေလွှမ်းမှုကြောင့်သေဆုံးခဲ့ရသူများမှာ ပုစွန်ဖြေရွာမှ အသက် ၁၈ နှစ်အရွယ် မောင်ဝင်းဝင်းကျော်၊ သရော်တော ရွာမှ အသက် ၁၈ နှစ်အရွယ် မောင်ဇော်မြင့်တို့နှစ်ဦးသည် ရေစတင်လွှမ်းမိုးသည့် သြဂုတ် ၁၉ ရက်တွင် သေဆုံး ခဲ့ပြီး၊ ကျောင်းတိုက်ရွာမှ အသက် ၄၂ နှစ်အရွယ် ဦးမောင်မြင့်ဆိုသူနှင့် ဒေါင့်ချောင်းရွာမှ အသက် ၂၂ နှစ်အရွယ် ကိုလှမြင့်တို့သည်လည်း နောက်တစ်ရက် သြဂုတ် ၂၀ ရက်တွင် သေဆုံးခဲ့သည်ဟု မြို့နယ် ရဲစခန်းမှ မှတ်တမ်းများ တွင်ဖော်ပြထားသည်။

လက်ရှိတွင် ရေလွှမ်းမှုကြောင့် နေအိမ်ကို စွန့်ခွာလာရသူများအတွက် ဒုက်္ခသည် စခန်းခြောက်ခု ဖွင့်လှစ်ထားပြီး ယင်းစခန်းများတွင် အိမ်ထောင်စု ၆၄ စုမှ လူဦးရေ သုံးရာကျော် လာရောက်ခိုလှုံနေကြောင်း ရခိုင်လူမှုကွန်ရက်က ထုတ်ပြန်သည်။

သံတွဲမြို့ပေါ်တွင် အနည်းဆုံး ရေသုံးပေခန့် နစ်မြုပ်နေပြီး၊ မြေနိမ့်သည့်ရပ်ကွက်များတွင် လူတစ်ရပ်ပင်နစ်မြုပ်သည် အထိ ရေများမြင့်တက်နေကြောင်း၊ စာသင်ကျောင်း အားလုံးကိုလည်း ပိတ်ထားရကြောင်း၊ ရေဘေးကြောင့်
ရွှေ့ပြောင်းနေရသူများကို အာဏာပိုင်များနှင့် ဒေသခံလူမှုအဖွဲ့အစည်းများက အစားအစာနှင့် သောက်ရေသန့်များ ကို ကူညီဆောင်ရွက်ပေးနေကြောင်း သံတွဲမြို့မှ ဆရာတော် အရှင်ကောသလ္လက မိန့်ကြားသည်။

“ဗုဒ္ဓဘာသာဝင်တွေကျတော့ ဘုန်းကြီးကျောင်းမှာ ခိုလှုံကြပြီးတော့၊ မွတ်စလင်ဘာသာဝင်တွေကျတော့
ရေနစ်မြုပ်ခြင်းမရှိတဲ့ အိမ်အမြင့်တွေမှာ ပြောင်းရွှေ့ပေးကြတယ်။ အာဏာပိုင်တွေနဲ့ လူမှုကွန်ရက်အဖွဲ့တွေက
နှစ်ဖွဲ့စလုံးအတွက် ခေါက်ဆွဲထုတ်တွေ၊ ထမင်းထုတ်တွေ၊ ရေသန့်ဘူးတွေကို မျှမျှတတဝေပေးကြတယ်” ဟု ဆရာတော်က ဆက်မိန့်သည်။

တောင်ကုတ်မြို့နယ်အတွင်းမှ ချောင်းကမ်းနံဘေးတွင်နေထိုင်သော လူနေအိမ်အချို့သည် ရေလွှမ်းမိုးလာသော အခါ ရေနောက်မျောပါသွားသည်များပင် ရှိကြောင်း တောင်ကုတ်မြို့နယ် NLD ဒု-ဥက္ကဋ္ဌ ဦးထွန်းကြည်က မဇ္ဈိမကို
ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။