Friday, August 23, 2013

ကျောင်းသောက်ရေအိုးအတွင်း ဆေးခတ်မှုကို စုံစမ်းစစ်ဆေးနေ


ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်တိုက်နယ် တောင်ပတ်လည်ကျေးရွာ မူလတန်း
ကျောင်းအတွင်း စာသင်ခန်း သောက်ရေအိုးအတွင်း ဆေးခတ်မှု သုံးကြိမ် ဖြစ်ပွားခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

"စာသင်ခန်းတွင်းက သောက်ရေအိုးထဲကို ဆေးခတ်တာ နှစ်ကြိမ်ဖြစ်သွားလို့ မြို့နယ်အုပ်ချုပ်ရေး
အဖွဲ့က စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးဖို့ တာဝန်ပေးလို့ မြို့နယ် လက်ထောက်ပညာရေးမှူးနဲ့
ပါဝင်ပြီးတော့ အင်ပင်တိုက်နယ် ရဲစခန်းမှူး၊ လက်ပံကွင်းကျေးလက်ကျန်းမာရေးဌာနက တာဝန်ရှိသူ
တွေပါဝင်တဲ့အဖွဲ့က သွားပြီး စစ်ဆေးခဲ့တယ်။ ပထမတစ်ခါဖြစ်လို့ တိုင်တော့ မသွားနိုင်သေးတဲ့
အချိန်မှာ မစစ်ဆေးဘူးဆိုပြီး တိုင်စာရောက်လာလို့ တာဝန်ရှိတဲ့ ပူးပေါင်းအဖွဲ့ကသွားပြီး စစ်ဆေး
ပေးခဲ့တယ်။ နောက်တစ်ခုက အဲဒီကျောင်းကို ကြေညာချက် တစ်စောင်ထုတ်လိုက်တယ်။ အဲဒီ
ကျောင်းက ကျောင်းသားတွေ ကျောင်းက ရေမသောက်ချင်ရင် ကိုယ်အိမ်ကနေ ကိုယ့်ရေဘူး
ကိုယ်ယူသောက်ဆိုပြီး ထုတ်ပေးလိုက်တယ်။ အဲဒီ စစ်ဆေးနေတဲ့ အတောအတွင်းမှာပဲ
ကျောင်းသား တစ်ယောက်ရဲ့ ရေဘူးထဲမှာ ဆေးပြားခတ်ထားတာတွေ့တယ်ဆိုတဲ့ သတင်း
ထွက်လာတယ်။ အဲဒီကိစ္စကိုသက်ဆိုင်ရာ ရဲစခန်းက စစ်ဆေးနေသေးတယ်"ဟု မြို့နယ်ပညာရေးမှူး
ဦးကြည်ဝင်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

အဆိုပါ သောက်ရေအိုးအတွင်း ဆေးခတ်ခြင်းကြောင့် ကျောင်းသားကျောင်းသူတစ်ဦးတစ်ယောက်
မှ အန္တရာယ်မဖြစ်ခဲ့သော်လည်း အဆိုပါဆေးပြားခတ်ခြင်းသည် လုပ်ကြံမှုတစ်ခုသာဖြစ်ပြီး
ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါတွေ့ရှိသည့် ဆေးဝါးမှာ အကိုက်ခဲ
ပျောက်ဆေးဝါတစ်မျိုးဟု ယူဆကြောင်း ၎င်းက ယခုလ ၂၀ ရက်နေ့၌ပြောသည်။

"အမှုမှန်ကို အမြန်ဆုံးပေါ်ပေါက်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အဲဒီတောင် ပတ်လည်ရွာက
မူလတန်းကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးအပါအ၀င် ကျောင်းဆရာ၊ ဆရာမ လေးဦးခန့်ရှိတယ်။
ကျောင်းကအ၀န်းအ၀ိုင်းနဲ့ ဆိုတော့ ကျောင်းထဲကို ဘယ်သူမှ မ၀င်နိုင်ဘူး။ ကျောင်းအုပ်ဆရာမကြီး
နဲ့ ရွာသူရွာသားတွေက တစ်ဖက်၊ ကျန်ဆရာ၊ ဆရာမတွေနဲ့ ရွာသူရွာသားတွေက တစ်ဖက်ဖြစ်နေ
တယ်။ ကလေးတွေကိုစစ်ဖို့ကလည်း မဖြစ်နိုင်ဘူး။ အခုဟာက ရွာသားနဲ့ ကျောင်းဆရာ၊ ဆရာမ
တွေ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှု တွေဖြစ်နေတယ်လို့ ကြားတယ်။ လောလောဆယ်
တော့ စစ်ဆေးတုန်းပါပဲ။ ကလေးတွေသောက်တဲ့ ရေအိုးထဲကို ဆေးခတ်တာဆိုတာကလည်း
ဘေးဖြစ်စေတဲ့ဆေးမျိုး မဟုတ်ဘဲ အကိုက်ခဲပျောက်ဆေးမျိုးသာဖြစ်နိုင်လို့ ပုံသေကြီးတော့ ယူဆ
လို့မရသေးဘူး။ အဲဒီဆေးပြားခတ်တဲ့ ရေကို ရန်ကုန်ရှိ ဓာတုဗေဒ၀န်ရုံးကို ပို့အပ်စစ်ဆေးနေသေးတဲ့
အတွက်ကြောင့် ဆေးစာပြန်ကြားချက်ရရှိမှသာ အတိအကျ ပြောဆိုနိုင်မယ်" ဟု အင်ပင်နယ်မြေ
ရဲစခန်းမှူး ရဲအုပ်မင်းသက်လှိုင်က ပြောသည်။

သက်ဆိုင်ရာက အဆိုပါကိစ္စကို စစ်ဆေးနေစဉ် ကာလအတွင်း ရေသောက်မိခဲ့သူ ကလေးငယ်
ငါးဦးခန့်မှာ ထူကြီးဆေးရုံသို့ တင်ပို့ကုသ နေရကြောင်း တိုင်ကြားခဲ့သော်လည်း စုံစမ်းချက်အရ
မည်သည့်ကလေး တစ်ဦးတစ်ယောက်က တစ်စုံတစ်ရာ အန္တရာယ်ဖြစ်ပေါ်ခဲ့ခြင်းမရှိသလို့ ဆေးရုံ
တက်ရောက်မှုလည်း မရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးကြည်ဝင်းနှင့် အင်ပင်မြို့နယ်ရဲစခန်းမှူး
တို့က ပြောကြားခဲ့သည်။

"ကျွန်တော်တို့အဖွဲ့ စစ်ဆေးနေဆဲကာလမှာဘဲ ကလေးတွေ ကိုယ့်ရေဘူးနဲ့ ကိုယ်ယူလာပါလို့
မြို့နယ်က ထုတ်ပြန်ခဲ့တယ်။ အဲဒီအချိန်မှာဘဲ ကျောင်းမတက်ခင် ဆရာဆရာမတွေ ဘယ်သူမှ
မရှိတဲ့အချိန်မှာ ကစားနေတဲ့ တတိယတန်း ကလေးအိမ်ကယူလာတဲ့ ရေဘူးကို စတုတ္ထတန်း
ကျောင်းသားက ရေဆာလို့သောက်မယ် ပြောပြီးသွားသောက်တယ်။ အဲဒီအချိန်မှာ ရေဘူးထဲမှာ
ဆေးထည့်ထားတာတွေ့တယ်။ အဲဒါကို လက်ပံကွင်း ကျေးလက်ကျန်းမာရေးဌာနက ဆရာမက
စစ်ဆေးပြီးတော့ ဒီရေထဲမှာထည့်ထားတဲ့ ဆေးက အဆိပ်အတောက်ဖြစ်စေတဲ့ ဆေးမပါဘူးဆိုပြီး
ရေကိုလျှာနဲ့ တို့ပြခဲ့သေးတယ်။ နောက်တစ်ခုက အဲဒီဆေးကို ဓာတုဗေဒ၀န်ရုံးက အဖြေထွက်လာ
ပြီးမှပဲ ထုတ်ပြောလို့ရမယ်" ဟု ရဲအုပ်မင်းသက်လှိုင်က ပြောသည်။

"တောင်ပတ်လည် အမက ကို ဒီအနားပတ်ဝန်းကျင်တွေက ရွာတွေဖြစ်တဲ့ ရှမ်းကွင်း၊ ငှက်ကျော်
ကုန်းတို့က ကလေးတွေအဓိကထားပြီး တက်ကြတယ်။ အခုဖြစ်တဲ့ ကိစ္စမှာ ကလေးတွေက လူကြီး
မိဘဆရာသမားတွေကြားမှာ မြေဇာပင်လိုဖြစ်နေတယ်။ အဓိကကတော့ ကျောင်းသား မိဘတချို့နဲ့
လူကြီးတွေဖြစ်တဲ့ ပြဿနာကို လူကြီးချင်း ညှိနှိုင်းသင့်တယ်။ ကလေးတွေကို ဆွဲပြီးမထည့်သင့်
ဘူး။ တချို့မိဘတွေကလည်း ကျောင်းသားတွေကို ဒီပြဿနာထဲမှာ မပါစေချင်ဘူး။ တချို့ကလည်း
ကလေးတွေကို ဓားစာခံအဖြစ် အသုံးချပြီး လုပ်တာလဲ ဖြစ်နိုင်တယ်" ဟု ကျောင်းစုမှူး ဦးလှဝင်းက
ပြောကြားသည်။

ယခုလ ၁၈ ရက်နေ့တွင် ဆဲဗင်းဒေးနေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည့် အဆိုပါသတင်းတွင်
ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးမှ "စာသင်ခန်းတွေထဲက ရေအိုးတွေကို မသောက်သုံးခိုင်း
တော့ဘဲနဲ့ ကိုယ့်အိမ်ကနေ ကိုယ်ရေဘူးယူခိုင်းပြီး ကျောင်းလာ တက်ခိုင်းထားရတယ်။ ရေသန့်ဘူး
ထဲမှာပါ ဆေးထပ်ခတ်တယ်ဆိုတော့ ရဲစခန်းအနေနဲ့ အမှုကို အမြန်ဆုံး ဖော်ထုတ်စေချင်ကြောင်း၊
ဝန်ထမ်းတွေကို ဖြုတ်သင့်တဲ့သူဖြုတ်၊ ရွှေ့သင့်တဲ့သူရွှေ့ပြီးမှ ဒီပြဿနာအေးမှာပါ။ မဟုတ်ရင်
ကျောင်းသားတွေ ကျောင်းလာကြတော့မှာ မဟုတ်ဘူး"ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

"ကျွန်တော်တို့က ၀န်ထမ်းတွေကိုပြောင်း ရွှေ့ဖို့ဆိုတာက ကျွန်တော်တို့လုပ်လို့ရတဲ့ အပိုင်းတွေ
မဟုတ်ဘူး။ တိုင်းပညာရေးဌာနက လုပ်ရတာ။ ကျွန်တော်တို့က ညွှန်ကြားချက်ကိုပဲ ပြန်ပြီးညွှန်
ကြားလို့ ရတယ်။ မြန်အောင်မှာ မြို့နယ်ပညာရေးမှူး လုပ်လာတာ ၁၀ နှစ်တာကာလအတွင်းမှာ
အခုလိုဖြစ်တယ်လို့ ကြားသိရတာ ပထမဆုံးပါပဲ။ အဲဒီကျောင်းက ကျောင်းသား ၄၈ ယောက်ရှိ
တယ်။ ဆေးခတ်ပြီးတဲ့ နောက်ပိုင်းကတည်းက ကျောင်းသားတွေ ကျောင်းသိပ်မတက်ကြတော့လို့
ဆရာတွေဆရာမတွေက ကျောင်းသားမိဘတွေကို စည်းရုံးပြီး ကလေးတွေကျောင်းတက်မှန်အောင်
ဆောင်ရွက်ဖို့ညွှန်ကြားထားပါတယ်" ဟု မြို့နယ်ပညာရေးမှူး ဦးကြည်ဝင်းက ပြောသည်။

အဆိုပါအမှုကို အင်းပင်နယ်မြေရဲစခန်းက (ပ)၆၀/၁၃ ရေဆိုးပြုလုပ်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ
၂၇၇ ဖြင့် အမှုဖွင့်စုံစမ်းနေသည်။

ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ပြစ်မှုကျူးလွန်သူကို ခြောက်လအထိ ထောင်ဒဏ်တစ်မျိုးမျိုး
ဖြစ်စေ၊ ကျပ် တစ်ထောင်အထိ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု
သိရသည်။

တိုးဝေအောင်နှင့် အောင်ကျော်မင်း (မြန်မာတိုင်းမ်)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။