Sunday, April 7, 2013

ဧပြီ ၆ ရက် ညပိုင်းက မုံရွာမြို့တွင် ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဧပြီလ ၆ ရက် ညပိုင်းက မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက် ပြည်ထောင်စုလမ်းနှင့် အောင်မင်္ဂလာ ၁ လမ်းထောင့်ရှိ RC သုံးထပ်တိုက်တွင် ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''လျှပ်စစ်မီးဘုတ်ခုံကနေ ဝါယာရှော့ စဖြစ်တာကစပြီး မီးလောင်မှု ဖြစ်တာလို့ သိရတယ်။ ည ၈ နာရီကနေ စပြီးလောင်တာ ၉ နာရီကျော်လောက်မှ မီးကငြိမ်းတယ်။ မြို့သူမြို့သားတွေရယ် အာဏာပိုင်တွေရယ် မီးသတ်တပ်ဖွဲ့ဝင်တွေ ဝိုင်းငြှိမ်းခဲ့ကြတာ။ မီးလောင်မှုဖြစ်စဉ်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေ အနည်းငယ် ထိခိုက်မှုတွေ ရှိတယ်လို့သိရတယ်'' ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုသို့ မီးသတ်ယာဉ် ၉ စီး ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ကျပ် ၂၂ သိန်းဝန်းကျင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သုံးထပ်တိုက် မင်္ဂလာဦး ကုန်စုံဆိုင်မှ ဦးညီညီမောင် ၃၅ နှစ်အား မုံရွာအမှတ် ၁ ရဲစခန်းမှ (ပ) ၂၃၂/၂ဝ၁၃ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။