Sunday, March 24, 2013

လှိုင်သာယာ စက်မှုဇုန်ထိပ်တွင် ခရီးသည်တင် အောက်ဆိုက်ယာဉ်တစ်စီး တိမ်းမှောက်ကာ တစ်ဦးသေဆုံး

လှိုင်သာယာမြို့၊ စက်မှုဇုန်ထိပ်တွင် မတ် ၂၂ ရက် ညပိုင်းက လိုက်ထရပ် ခရီးသည်တင် အောက်ဆိုက် (အပိုဝင်ငွေရှာ) ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးပြီး ယာဉ်ပေါ်ပါခရီးသည် ၁ဝ ဦးကျော်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ  ရန်ကုန်-ပုသိမ် လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် လှိုင်သာယာ-သီရိမင်္ဂလာဈေး ညပိုင်းအောက်ဆိုက်ပြေးဆွဲသော ခရီးသည်တင် လိုက်ထရပ်ယာဉ်သည် ည ၈ နာရီကျော်ခန့်တွင် ဘုရင့်နောင်တံတားအနီး တပင်ရွှေထီးလမ်းနှင့် ကနောင်မင်းသားကြီးလမ်းဆုံရှိ စက်မှုဇုန်မှတ်တိုင်အရောက် လမ်းဘေး၌ ရပ်ထားသော ခရီးသည်တင် အငှားယာဉ်တစ်စီးကို ဝင်တိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အပေါ် လိုက်ထရပ်ယာဉ်၏ တိုက်ခြင်းခံရသော အငှားယာဉ် ယာဉ်မောင်းက ''ကျွန်တော့်ကားက လမ်းဘေးမှာ ရပ်ထားတာ။ အဲဒီမှာ လိုက်ထရပ်ကားက သူတို့အချင်းချင်း ကားပြိုင်မောင်းလာတာ ထင်တယ်။ အရှိန်တော်တော် ပြင်းပြင်းနဲ့ ကျွန်တော့်ကားကို ဝင်တိုက်ပြီး သုံးလေးပတ်လောက်လည်ပြီး မှောက်သွားတာ။ ပထမ တစ်ပတ်လည်သွားကတည်းက လူတစ်ယောက်က စင်ထွက်သွားတယ်။ ခရီးသည်ပဲ။ တွယ်စီးလာတာ ထင်တယ်။ ပွဲချင်းပြီး သေသွားတယ်'' ဟု  ပြောသည်။

ယင်းနေရာသည် မကြာခဏ ယာဉ်မတော်တဆမှု ဖြစ်ပွားလေ့ရှိကြောင်းနှင့် ယာဉ်ပြိုင်မောင်းမှုများနှင့် ယာဉ်မောင်းများ၏ မဆင်မခြင် မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှု အများစုဖြစ်နေရကြောင်း မျက်မြင်တို့က  ပြောသည်။

''ပြီးခဲ့တဲ့သုံးရက်ကပဲ ဒီနေရာမှာ ဂါလီတစ်စီးကို ကားတစ်စီးက ဝင်တိုက်သေးတယ်။ အဲတုန်းကတော့ ကျိုးတာပဲ့တာပဲရှိတယ်။ ကားက တအားမောင်းလာပြီး ဖြစ်တာ။ ဒီနားမှာက မကြာခဏ ဖြစ်တယ်'' ဟု  ကွမ်းယာရောင်းချသူတစ်ဦးက ပြောသည်။

တိမ်းမှောက်သွားသော ယာဉ်ပေါ်တွင် ခရီးသည် ၁ဝ ဦးကျော်ခန့် လိုက်ပါလာကြောင်း သိရပြီး ခရီးသည်အားလုံးနီးပါး ဒဏ်ရာရရှိကာ လှိုင်သာယာဆေးရုံနှင့် အင်းစိန်ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။