Friday, August 17, 2012

CAVERTA ဆေး ဈေးကွက်၌ အတု ထွက်ပေါ်နေ


အမျိုးသားများ အတွက် သီးသန့် ထုတ်လုပ် ထားသော CAVERTA ဆေးဈေး ကွက်အတွင်း အတုများ ထွက်ပေါ်နေကြောင်း ဈေးကွက်မှ သိရသည်။ CAVERTA ထုတ်လုပ်ဖြန့်ချိသော ဆေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “တရုတ်က ဝင်လာတဲ့ ဆေးအတုတွေ ဈေးကွက်ထဲမှာ တွေ့ရတယ်။ ဘယ်လိုလမ်းကြောင်းနဲ့ ဝင်လာလဲတော့ မသိဘူး” ဟု ပြောသည်။
ဈေးကွက်၌ ပျံ့နှံ့နေသည့် ဆေးအတုနှင့် အစစ်ခွဲခြားစေနိုင်ရန် အစစ်တွင် CAVERTA Diamond Star ဆိုသည့် ရောင်ပြန်စတေကာကို ဆေးကတ်တွင် သိသာထင်ရှားအောင် ကပ်ထားပေးကြောင်း သိရသည်။ “အတုက ဆေးလုံးမသပ်ရပ်ဘူး၊ ဆေးကတ်ပုံစံကလည်းဖောင်း၊ လိုင်းက သပ်သပ်ရပ်ရပ် မရှိဘူး။ အတုဆေးအရောင်က ရင့်ပြီး အနက်ဘက်သန်းတယ်။ အစစ်က အညိုဘက်သန်းတယ်” ဟု အထက်ပါ ဆေးကုမ္ပဏီမှ အရောင်းမန်နေဂျာ ကိုကျော်ကိုကိုအောင်က ပြောသည်။ ယင်းဆေးအတုကို သောက်သုံးမိပါက အန္တရာယ် မရှိနိုင်သော်လည်း ဆေးအာနိသင် လုံးဝပြမည်မဟုတ်ဟု ၎င်းက ဆက်ပြောသည်။ အိမ်ထောင်ရေး သုခပြည့်ဝစေရန် ထုတ်လုပ်သည့် အဆိုပါ ဆေးအမျိုးအစားအားလုံးသည် အရက်၊ ဘီယာတို့နှင့် အတူတူတွဲသောက်ရန် မသင့်တော်ကြောင်းလည်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောသည်။
“အရက်၊ ဘီယာတွေနဲ့ တွဲသောက်လို့ရတယ်လို့ အချို့ဆေးတွေက ကြော်ငြာတာတွေ့ရတယ် ဒါတွေဟာ သောက်ရင် မသင့်တော်ဘူးလို့ မြင်တယ်။ အရက်ကြောင့် ဒီဆေးရဲ့ ဓာတ်အာနိသင် လျော့နည်းစေနိုင်တယ်” ဟု အထက်ပါ ဆရာဝန်က ဆက်ပြောသည်။ RANBAXY ကုမ္ပဏီမှ ထုတ်လုပ်သော ကာဗာတာဆေးသည် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ၁၉၉၆ ခုနှစ် ကတည်းက မြန်မာနိုင်ငံတွင် စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။ ကာဗာတာဆေး အစစ်သည် Sildenafil Citrate ပါဝင်ပြီး ၅၀ မီလီဂရမ်နှင့် ၁၀၀ မီလီဂရမ်နှစ်မျိုး ထုတ်လုပ်ထားကာ၊ တစ်ကတ်တွင်ဆေး လေးလုံးပါဝင်ပြီး တစ်နေ့ကို တစ်ကြိမ်၊ တစ်လုံးသာ သောက်သံရကြောင်း သိရသည်။ ကာဗာတာ ၅၀ မီလီဂရမ်မှာအသက် ၂၅ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများ သောက်သုံးရန် သင့်တော်ပြီး ၁၀၀ မီလီဂရမ်ကိုမူ အသက် ၄၅ နှစ်မှ ၆၅ နှစ်အတွင်း အမျိုးသားများ၊ သောက်သုံးနိုင်ကာအသက် ၆၅ နှစ်နှင့်အထက် အမျိုးသားများအနေဖြင့် ဆရာဝန်၏ ညွှန်ကြားချက်ပါမှသာ သောက်သုံးသင့်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆေးမျိုး ဈေးကွက်အတွင်း အမျိုးအစားပေါင်း ၂၀ ကျော်ခန့်ရှိသည်။ ကာဗာတာဆေးကို ဆေးဆိုင်များတွင် ၁၀၀ မီလီဂရမ် တစ်လုံးကို ဈေးနှုန်း ၈၀၀ နှင် ၅၀ မီလီဂရမ် တစ်လုံး ၅၀၀ ခန့်ရောင်းကြောင်း သိရသည်။ “ဒီဆေးကို ဆီးချိုရှိတဲ့သူတွေ၊ သွေးတိုး၊ အဝလွန်တာ၊ အလုပ်ပင်ပန်းလို့ စိတ်ဖိစီးမှုများတဲ့ သူတွေအနေနဲ့ အိမ်ထောင်ရေးသုခ ပြည့်စုံဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆေးကို တင်သွင်းဖြစ်တာပါ” ဟု အရောင်းမန်နေဂျာ ကိုကျော်ကိုကိုအောင်က ပြောသည်။ အဆိုပါ CAVERTA ဆေးကို နှလုံးသွေးကြောကျဉ်း ရောဂါရှိသူများ၊ နိုက်ထရိုက် (Organic Ni-trates) ပါဝင်သော ဆေးများမှီဝဲသည့် သူများအနေဖြင့်တော့ သောက်သုံးရန် မသင့်တော်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။