Thursday, April 26, 2012

ဘဏ်အချို့တွင် ကန်ဒေါ်လာ(၅၀၀) အောက်သာ လဲလှယ်နိုင်သည့်အပေါ်၌ ပြင်ဆင်သတ်မှတ်ပေးစေလို

ဘဏ်အချို့တွင် ကန်ဒေါ်လာ(၅၀၀) အောက်သာ လဲလှယ်နိုင်သည့်အပေါ်၌ ပြင်ဆင်သတ်မှတ်ပေးစေလို



ဧပြီ(၂၃)ရက်နေ့မှစကာ ပုဂ္ဂလိကဘဏ်အချို့၏ ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ ငါးရာအောက် သာ ရောင်းဝယ်နိုင်တော့သည့်အတွက် ပြင်ဆင်သတ်မှတ်ပေးစေလိုကြောင်း ပြည်သူများထံက သိရှိရသည်။
  သင်္ဘောကပြန်ဆင်းလာပြီး သင်္ကြန်အပြီး ဘဏ်တွေ၊ ငွေလဲကောင်တာတွေ စဖွင့်တာနဲ့ သွားရောင်းတာပဲ အစက ဒေါ်လာတစ်သောင်းအထိ ရောင်းဝယ်ခွင့်ပြုထားတယ်ဆိုပြီး သွားလဲတော့ ဒေါ်လာ နှစ်ရာ အထိပဲ ရောင်းလို့ရတော့မယ်ဆိုပြီး ပြောတယ်”ဟု မြန်မာလူမျိုးနိုင်ငံခြားသင်္ဘောသား ကိုလင်းလင်းစိုးက ပြောသည်။
ကမ္ဘောဇဘဏ်တွင် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ရာနှုန်း၊ မြဝတီဘဏ်နှင့် မြန်မာ့စက်မှုဖွံ့ဖြိုးမှု ဘဏ်တွင် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ နှစ်ရာနှုန်း၊ အင်းဝဘဏ်၊ CB ဘဏ်၊ MOB ဘဏ်များတွင် လူတစ်ဦးလျှင် ဒေါ်လာငါးရာနှုန်းဖြင့် ဧပြီလ ၂၃ ရက်နေ့မှ စတင်ကာလဲလှယ်ပေးနေကြောင်း ငွေလဲကောင်တာ များတွင် နိုင်ငံခြားငွေသွားရောက်လဲလှယ်သူများက ပြောသည်။
ထိုကဲ့သို့  ဒေါ်လာလဲလှယ်နိုင်မှုနှုန်းကို ဘဏ်တိုင်း၌ ပြောင်းလဲခြင်းမရှိဘဲ အချို့သော ငွေလဲကောင်တာများ၌ မူလသတ်မှတ်ထားသည့် လူတစ်ဦးလျှင် ဒေါ်လာတစ်သောင်းနှုန်းဖြင့် လဲလှယ်နိုင်ကြောင်း သိရသည်။
“အချိုငွေလဲကောင်တာတွေ ဒေါ်လာလဲလှယ်နိုင်မှုနှုန်း ပြောင်းတယ်တော့ ကြားပါတယ်။ ကျွန်တော်တို့ဘဏ် ကတော့ အပြောင်းအလဲမရှိပါဘူး။ လူတစ်ဦးကို ဒေါ်လာတစ်သောင်းနှုန်းနဲ့ လဲလှယ်ပေးလျက် ရှိပါတယ်။ မည်သူမဆို အချက်အလက် အပြည့်အစုံပါရင် လဲလှယ်ပေးပါတယ်”ဟု ကမာရွတ် AGD ဘဏ်(Asia Green Development Bank) နိုင်ငံခြားငွေလဲကောင်တာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အမေရိကန်ဒေါ်လာလဲလှယ်နိုင်မှုနှုန်းထားသည် သင်္ကြန်အပြီးကာလ နောက်ပိုင်းတွင်သာ ပြောင်းလဲ သွားခြင်းဖြစ်ပြီး၊ နိုင်ငံခြားသို့ အလုပ်သွားရောက်လုပ်ကိုင်ကြသူများ၏ မိသားစုဝင်များအနေဖြင့် ဒေါ်လာလဲလှယ်နှုန်း လျော့ချမှုတို့ကြောင့်  ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေသည့်အတွက် ပြန်လည် ပြင်ဆင်သတ်မှတ်သင့်ကြောင်း ပြောဆိုကြသည်။
“ငွေလဲကောင်တာတွေက နှစ်ရာလောက်ပဲလဲလို့ရတော့ အဆင်မပြေဘူး။ အပြင်မှာပဲ သွားလဲရတယ်။ ဘဏ်မှာ တစ်ဒေါ်လာကို ၈၂၀ လောက်ပေါက်တယ်ဆိုရင် အပြင်မှာ ၈၁၀ ဝန်းကျင်လောက်ပဲ ပေါက်တော့ နည်းတော့နည်းသွားတာပေါ့။ ဖြစ်နိုင်ရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြန်လည် ပြင်ဆင်သတ်မှတ်သင့်ပါတယ်” ဟု နိုင်ငံခြားသင်္ဘောတစ်ဦး၏ ဖခင်ဖြစ်သူ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်နေ ဦးသန်းမြင့်က ပြောသည်။ 


ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။