Saturday, April 13, 2013

ရန်ကုန်တွင် ခုံးကျော်တံတားများ ထပ်ဆောက်ရန် စီစဉ်နေ

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြောပိတ်ဆို့သည့် နေရာများတွင် ခုံးကျော်တံတားများ ထပ်မံတည်ဆောက်ဦးမည်ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆိုသည်။

"အထူးသဖြင့် မရမ်းကုန်းမြို့နယ်ရှိ ရှစ်မိုင် လမ်းဆုံနဲ့ စမ်းချောင်းမြို့နယ်-မြေနီကုန်း လမ်းဆုံ နေရာတွေမှာ တည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်" ဟု လမ်းတံတားဌာနမှ ဒုတိယ ဌာနမှူး ဦးစည်သူလွင် က မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာတွင် အပြီးတည်ဆောက်မည့် လက်ရှိတည်ဆောက်ဆဲ ခုံးကျော်တံတားများ အပြီးတွင် အသစ်များ စတင်အကောင်အထည်ဖေါ်မည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင် တည်ဆောက်နေသည့် ခုံးကျော်တံတားများအနက် လှည်းတန်း ခုံးကျော် တံတားကို ဖွင့်ပွဲ မပြုလုပ်မီ ဧပြီလ ၁၀ ရက်မှ စတင်၍ ယာဉ်များ ဖြတ်သန်းခွင့် ပြုခဲ့သည်။

"လှည်းတန်း ခုံးကျော်တံတားကို မနေ့က စဖြတ်ခွင့်ရတော့ တံတားအောက်မှာ ကားတွေ ပိတ်ဆို့မှု အတန်အသင့် လျော့ပါးသွားပါတယ်။ ဒါပေမယ့် ဟံသာဝတီ အဝိုင်းမှာ သွားပြီးပိတ်နေတာ အချိန် အတော်ကြာခဲ့တယ်" ဟု ကိုယ်တွေ့ ကြုံသူ တက္ကစီယာဉ်မောင်း ဦးသာရင် က ပြောသည်။

ဗိသုကာပညာရှင် ဦးလှရွှေကလည်း "ယာဉ်ကြော ပိတ်တိုင်းသာ ခုံးကျော်တံတား လိုက်ထိုးနေရရင် တမြို့လုံး ခုံးကျော်တံတားတွေချည်းပဲ နေမှာပဲ။ မလုပ်ခင် သေသေချာချာ စဉ်းစားစေချင်ပါတယ်။ တနေရာပွင့်ပြီး တနေရာမှာ ပိတ်သွားတာမျိုးကလည်း မဖြစ်သင့်ပါဘူး။ ကျွမ်းကျင် အင်ဂျင်နီယာတွေ ဖိတ်ခေါ်ပြီး အကြံဉာဏ် ယူသင့်ပါတယ်။ ဒါမှမဟုတ် လူ၊ တိရိစ္ဆာန် မဖြတ်စေဘဲ သံတိုင်တွေ ကာရံပြီး အဝေးပြေး လမ်းတခုကို ကမ်းနားဘက် အခြမ်းမှာပဲဖြစ်ဖြစ် ဖောက်လိုက်ရင်ရော အဆင်ပြေနိုင်မလား ဆိုတာမျိုးကိုလည်း စဉ်းစားသင့်ပါတယ်" ဟု အကြံပြု ပြောကြားသည်။

ပြည်တွင်း လေကြောင်းလိုင်းသစ်များ ထပ်မံ ထွက်ပေါ်ဖွယ်ရှိ

ရန်ကုန် (မဇ္ဈိမ)။   ။ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြည်တွင်း လေကြောင်းလိုင်း အသစ်များ ထပ်မံ တိုးလာဖွယ် ရှိနေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြောသည်။

"သမ္မတကြီးကလည်း ပြည်တွင်း လေကြောင်းလိုင်းတွေကို နေပြည်တော် အခြေစိုက် ပြေးဆွဲဖို့ ခွင့်ပြုထားတာ ရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး ကိုယ်စားပြုပြေးဆွဲဖို့ လေကြောင်းလိုင်း ၅ ခု ခွင့်ပြုချက် တင်ထားတာ
တွေ ရှိပါတယ်" ဟု လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ပြည်တွင်းတွင် လက်ရှိပြေးဆွဲနေသည့် လေကြောင်းလိုင်းများမှာ MAI Airway ၊ Air Bagan ၊ Air Mandalay ၊ Asian Wings ၊ Air KBZ ၊ Yangon Airway နှင့် Golden Myanmar တို့ ဖြစ်သည်။

ထို့အပြင် ပြည်ပနိုင်ငံများမှ လေကြောင်းလိုင်း ၂၂ လိုင်းက ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက် ပြေးဆွဲလျက် ရှိသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၃၃ ကွင်း ရှိသည့်အနက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကွင်းတို့မှာ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းများ ဖြစ်ကြသည်။                                          

"မြန်မာနိုင်ငံထဲကို ဝင်ထွက်သွားလာနေတဲ့ ပြည်ပခရီးသွားတွေ၊ ဖွံ့ဖြိုးတိုးတက်လာတဲ့ ပြည်တွင်း ခရီးသွားတွေ အတွက် လေကြောင်းလိုင်းတွေ အများကြီး လိုအပ်လာမှာပါ။ လုပ်သာကိုင်သာ လုပ်ငန်း ဖြစ်တာကြောင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံသူတွေလည်း ရှိလာနိုင်ပါတယ်" ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဦးအေးထွန်း က မျှော်လင့်ထားသည်။

ရှမ်းမြောက် ဒုက္ခသည် အချို့ အိမ်ပြန်၊ အများစု မပြန်ရဲသေး

စံခလပူရီ (မဇ္ဈိမ)။   ။ အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ ဖြစ်ပွားသည့် စစ်ပွဲများကြောင့် တန့်ယန်းမြို့သို့ တိမ်းရှောင်လာသည့် ဒုက္ခသည်များအနက် အချို့မှာ ကြာသပတေးနေ့တွင်
နေရပ် ပြန်သွားကြပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး ကော်မတီက ဆို။

"တိုက်ပွဲတွေ မရှိတော့ဘူး၊ စစ်တပ်ကနေ လုံခြုံရေး ယူပေးပါ့မယ်၊ ပြန်ပါ၊ စိတ်မပူပါနဲ့ ဆိုပြီးတော့မှ အစိုးရတပ် ဘက်က လာပြောသွားတယ်။ ဒုက္ခသည်တွေကလည်း နေရပ်ကို ပြန်ချင်ကြတာပေါ့။ အဲဒီမှာ ကော်မတီကနေ ဆုံးဖြတ်ချက် ချပြီးတော့မှ သူတို့ကို ပြန်ခွင့် ပေးလိုက်တာပေါ့" ဟု စခန်း ကော်မတီဝင်နှင့် လားရှိုးမြို့နယ်မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းလူ က ပြောသည်။

မတ်လ နှောင်းပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသ တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားရာမှာ ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းတွင် ၄၃၀ ကျော် ယာယီ ခိုလှုံလျက် ရှိကာ ၎င်းအနက် ၃၀ ခန့်သာ နေရပ် ပြန်သွားကြပြီး အများစုမှာ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ထွက်ပြေးလာခဲ့ရာ ဒေသတွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်း မရှိတော့သော်လည်း အစိုးရတပ်များ ဆက်လက်လှုပ်ရှားမှုများ ရှိနေခြင်း၊ မြေမြှုပ်မိုင်း အန္တရာယ်များ ရှိနေသေးခြင်း တို့ကြောင့် ဒုက္ခသည် အများစုက မပြန်လိုကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒုက္ခသည်စခန်းကို ကနဦး ဖွင့်လှစ်ခဲ့သည့် တန့်ယန်း ရှမ်းလူငယ်များကလည်း ဒုက္ခသည်များအတွက် လုံခြုံစိတ်ချရသည့် အနေအထား မရှိသေးသည့်အတွက် နေရပ်သို့ မပြန်စေလိုသေးကြောင်း ပြောသည်။

"ဒုက္ခသည်ကို ပြန်ပို့မယ် ဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့ မလုံလောက်ဘူး။ တဘက်လှည့်နဲ့ စစ်တပ်အင်အား ဖြည့်ဆည်းလာမှာကိုလည်း ကျနော်တို့ စိုးရိမ်တယ်။ ဒါ့ကြောင့် စခန်း ကော်မတီတွေ၊ အဖွဲ့ဝင်တွေ တော်တော်များများက မပေးပြန်စေချင်ကြဘူးခင်ဗျ" ဟု ကော်မတီဝင် တဦးက ပြောသည်။

နေရပ် ပြန်သူများကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ ကားများ စီစဉ်ပေးပြီး စခန်းမှ အလှူခံ ရရှိထားသည့် ရိက္ခာဆန် ၇ ရက်စာကို ထည့်ပေးကာ အခြေအနေ မကောင်းပါက တန့်ယန်းသို့ ပြန်လာရန်လည်း မှာကြားခဲ့သည်ဟု ဆိုသည်။

ကျန်ရစ်နေသော စစ်ဘေးရှောင် ဒုက္ခသည်များအား လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ်များနှင့် SNLD ပါတီမှ အကူအညီများ ပေးလျက် ရှိကြောင်း သိရသည်။