Sunday, December 9, 2012

မြေပုံ ဒုက္ခသည် စခန်းတွင် ခိုက်ရန် ဖြစ်ပွား၊ တစ်ဦး ဒဏ်ရာရ၊ ၇ ဦးဖမ်းဆီးခံ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် မွတ်ဆလင် ဒုက္ခစခန်းတွင် အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ ဓါးခုတ်မူ ဖြစ်ပွားရာ တစ်ဦး ဒဏ်ရာရပြီး ၇ ဦးကို ရဲက ဖမ်းဆီးသွားသည်ဟု သိရသည်။

NLD ပါတီ မြေပုံမြို့နယ် အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေက ယခုလို ပြောသည်။

" ဖြစ်တာက ဒီဇင်္ဘာလ ၆ ရက်နေ့က ဖြစ်ပွားတာ ဖြစ်ပါတယ်။ ဦးစံသိန်းဆိုတဲ့ မွတ်ဆလင် တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာမှာ ပါဝင်တဲ့ နောက်ထပ် မွတ်ဆလင် ၇ ဦးကိုတော့ ရဲက ဖမ်းဆီးလိုက်ပါတယ်" ဟု ဆိုသည်။

ဦးစံသိန်းမှာ ဒဏ်ရာ ပြင်းထန်သော်လည်း လုံခြုံရေး အရ ဆေးရုံကို  မတင်နိုင်ဘဲ မြို့နယ် ပြည်သူ့ ဆေးရုံ ဆေးအဖွဲ့ တစ်ခုက နေ့စဉ် သွားရောက် ကုသ နေရသည်ဟု ဆိုသည်။

" ဦးစံသိန်းမှာ သုံးလေးချက်တော့ ချုပ်ရတယ်လို့ ပြောပါတယ်။ သေနိုင်လောက်အောင်ထိတော့ မပြင်းထန်ဘူးလို့ ကြားရပါတယ်။ ဖမ်းဆီးခံထားရတဲ့ သူတွေရဲ့ နာမည်ကိုတော့ မရပါ။ အခု ရဲစခန်းမှာ ရှိနေပါတယ်" ဟု သူမက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် အတွက် ရဲစခန်းသို့ ဆက်သွယ်သော်လည်း ယခု အချိန်ထိ အဆက်အသွယ် မရရှိသေးပါ။

အိန္ဒိယ အခြေစိုက် ရခိုင် ANC ဥက္ကဌ တာဝန်မှ နုတ်ထွက်

အိန္ဒိယ အခြေစိုက် ရခိုင်အမျိုးသား ကောင်စီ (ANC) ဥက္ကဌ ဦးအာရိယ ၀ံသသည်  တာဝန်မှ  နုတ်ထွက် လိုက်ပြီ ဖြစ်ကြောင်း နိရဉ္စရာသို့ ပေးပို့သော စာတစ်စောင်တွင် ဖေါ်ပြသည်။

မလေးရှားတွင် ANC ခေါင်းဆောင်များ ဆုံတွေ့နေကြစဉ်။

ANC ဥက္ကဌ တာဝန်မှ နုတ်ထွက်ရခြင်းမှာ ကျယ်ပြန့် ကြီးမားသော လုပ်ငန်းတာဝန်များကိုဆက်လက် ထမ်းရွက်ရန် မဖြစ်နိုင်တော့သည့် အထိ ကျန်းမာရေး မကောင်း ဖြစ်လာသည့်အတွက် တာဝန် နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

၎င်းပြင် သူ့အား ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များ အားလုံးကိုလည်း လုပ်ထုံးလုပ်နည်းများနှင့် အညီ ဒုတိယ ဥက္ကဌအား ယာယီတာဝန်လွှဲအပ်လျှက် ရာထူးနှင့် တာဝန်မှ အပြတ်အသတ် အနားယူ နှုတ်ထွက်လိုက်ပါကြောင်းအသိပေးအပ်ပါသည်ဟု စာထဲတွင် ဖေါ်ပြသည်။

ဦးအာရိယာ  ၀ံသသည် သူ့နုတ်ထွက်လွှာအား ANC သဘာပတိကြီးများနှင့် ဗဟို ကော်မီတီများသို့ နိုဝင်္ဘာလ ၁၄ ရက်နေ့ကတည်းက  ပေးပို့ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ နှုတ်ထွက်ခြင်းမှာ မည်သူ တစုံတယောက်၏ ပယောဂကြောင့်မျှ မဟုတ်၊ မိမိ၏ ကျန်းမာရေး အခြေနေအရသာဖြစ်၍ လောလောဆည်တွင် မည်သည့် စုံစမ်း မေးမြန်းခြင်းမျိုးကို ဖြစ်စေ လက်ခံ ရှင်းလင်းနေမည် မဟုတ်လည်း စာထဲတွင် ဖေါ်ပြသည်။

ရခိုင်အမျိုးသားရေးကို ဆောင်ရွက်ရန် နိုင်ငံရေး  ပါတီများ၊ တသီးပုဂ္ဂများဖြင့် ဖွဲ့စည်းထားသော ရခိုင်ပြည် အမျိုးသားကောင်စီ  ANC နှစ်ခု ကွဲနေရာ တစ်ခုကို ဆရာတော် ဦးအာရိယ၀ံသက ဦးဆောင်ပြီး အိန္ဒိယတွင် အခြေစိုက်ကာ နောက်တစ်ဖွဲ့ကို ဆရာတော် ဦးသီဟက ဦးဆောင်ပြီး ထိုင်းနယ်စပ်တွင် အခြေစိုက်ကြောင်း သိရသည်။

တွေ့မရှောင်နှင့် မာဆွတ် ပထမဆုံး အကြိမ် တွေ့ဆုံမည်