Tuesday, February 19, 2013

အများသဘောမတူသော အဆောက်အဦးကိစ္စ ၈၈နှင့် သံဃာနှစ်ပါး ညှိနှိုင်းပေး

ချင်းပြည်နယ် ရေ၊ မီးနှင့် လမ်းပန်းဆက်သွယ်ရေး ပံ့ပိုးရန် သမ္မတ ကတိပြု

စံခလပူရီ (မဇ္ဈိမ)။   ။ ချင်းပြည်နယ်အတွင်း လမ်းဖောက်လုပ်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အစိုးရအနေနှင့် ပံ့ပိုးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က တနင်္ဂနွေနေ့က ကတိပေး ပြောကြားခဲ့သည်။
ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး

ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး


တိုင်းနှင့် ပြည်နယ်များအနက် ဖွံ့ဖြိုးမှု အနည်းဆုံး ဖြစ်သည့် ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ် ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊ လူထုအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် သမ္မတ က ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးတဦးက ပြောသည်။

"ဒေသရဲ့ လိုအပ်ချက်က ပြည်နယ် အစိုးရမှာ အများကြီး တာဝန်ရှိတယ်။ ဒေသကနေ လုပ်နိုင်တာကို လုပ်ပြီးတော့မှ မလုပ်နိုင်တာကို ပြည်ထောင်စု အစိုးရကို တင်ပြပါ ဆိုပြီးတော့မှ မှာကြားသွားပါတယ်ခင်ဗျ" ဟု ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးဗန်ထောင်း က ပြောသည်။

ချင်းပြည်နယ်အတွင်း 66 KV မဟာဓါတ်အားလိုင်း ရရှိရေး၊ ဟားခါးမြို့မှ မကွေးတိုင်း ဂန့်ဂေါမြို့၊ ဟားခါး-ဖလမ်း မှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ ဆက်သွယ်မည့် ပြည်ထောင်စု လမ်းမကြီးများနှင့် မြို့နယ်ချင်းဆက် လမ်းများကို ရာသီမရွေး သွားလာနိုင်အောင် အဆင့်မြှင့်တင်ရေး၊ ပြည်နယ် တခုလုံး သောက်သုံးရေ လုံလောက်စွာ ရရှိရေး စသည်တို့ကို လေ့လာတွက်ချက်ပြီး ဆောင်ရွက်ရန်နှင့် မဆောင်ရွက်နိုင်သည်ကို ပြည်ထောင်စု အစိုးရက ပံ့ပိုးကူညီမည်ဟု သမ္မတ က ပြောဆိုခဲ့သည်ဟု ဆိုသည်။

၎င်းပြင် ကျောင်းနေအရွယ် ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ပံ့ပိုးပေးရန်၊ ယခင်က ရှိခဲ့သည့် ဖလမ်းမြို့ စိုက်ပျိုးရေး အထက်ကျောင်းကို စိုက်ပျိုးရေး သိပ္ပံကျောင်းအဖြစ် ပြန်လည် ဖွင့်လှစ်ရန်ကိုလည်း ချင်းပြည်နယ် အစိုးရအား မှာကြားခဲ့ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကိုလည်း လေ့လာခဲ့သည်ဟု ဆိုသည်။

ချင်းအမျိုးသားပါတီ (CNP) အနေနှင့် သမ္မတ ၏ ချင်းပြည်နယ် ခရီးစဉ်ကို ကြိုဆိုသော်လည်း ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များနှင့် သီးခြား ဖြစ်နေသည့် ပလက်ဝမြို့သို့ သွားရောက်ခြင်း မရှိသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း အတွင်းရေးမှူး (၁) ထျီယံအုတ်ထန်း ခေါ် ဆလိုင်းငယ်ပီး က ပြောသည်။

"ဗဟိုကနေ ချင်းပြည်နယ် ခရီးစဉ်ဆိုပြီး လာလိုက်တယ့် အရင်အကြီးအကဲတွေလိုပဲ ပလက်ဝမြို့ကို မသွားဖြစ်ဘူး။ ရခိုင်ပြည်နယ် ခရီးစဉ်မှပဲ လူကြီးတွေ သွားရင်းနဲ့ ပလက်ဝမြို့ကို တန်းတန်းသွားတဲ့ဟာကိုတော့ စိတ်မကောင်း ဖြစ်မိတယ်" ဟု ပြောသည်။

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် နီးစပ်လျက်ရှိကာ ချင်းပြည်နယ်တွင်းရှိ အခြားမြို့နယ်များနှင့် ဆက်သွယ်ရန် လမ်းမရှိခြင်းကြောင့် ပလက်ဝ-မတူပီလမ်း ဖောက်လုပ်ပေးရန်အတွက် ၎င်းတို့ ပါတီအနေနှင့် ပြည်နယ်လွှတ်တော်တွင် အကြိမ်ကြိမ် တင်ပြခဲ့သည်ဟုလည်း သူက ပြောသည်။

ထို့အပြင် ချင်းပြည်နယ်၌ ဝါးပန်းပွင့်ပြီး ၂၀၀၇ မှ ၂၀၀၉ ခုနှစ်အတွင်း ကြွက်များ သောင်းကျန်းမှုကြောင့် သီးနှံများ ပျက်စီးကာ အစာရေစာ ငယ်မွတ်ခေါင်းပါးမှု ဘေးများနှင့် ကြုံတွေ့ခဲ့ရရာမှ ပြန်လည် နာလန်မထူနိုင်သေးခြင်းသည်လည်း အစိုးရအတွက် စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု သူက ပြောသည်။

"ကျနော်တို့အတွက်ကတော့ ဒီမိုကရေစီ အစိုးရ တက်လာတယ်။ အရင်အစိုးရတွေလိုပဲ ပြောတယ်။ ဒါပေမယ့် လက်တွေ့ဖော်ဆောင်မှုမှာ ဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ သူတို့အတွက် စိမ်ခေါ်ချက်တခုလို့ပဲ ကျနော်မြင်ပါတယ်" ဟု ဆလိုင်းငယ်ပီး က ပြောသည်။

ကြည်မြင့်တိုင်မြို့နယ်တွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွား


2.18.3

မီးလောင်ကျွမ်းမှုအားမီးသတ်ယာဉ်ဖြင့်ငြှိမ်းသတ်နေစဉ်

ကြည်မြင့်တိုင်မြို့နယ်၊ ရတနာပုံလမ်းရှိ၊ တိုက်အမှတ်၊ ၃၁(A) ၅ လွှာတွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေသုံးနာရီခွဲ ၀န်ကျင်းခန့်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ခြင်ဆေးခွေမီး ထွန်းရာမှတဆင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ကြည်မြင့်တိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရတနာပုံလမ်းရှိ ရာအိမ်မှူးဖြစ်သူ ဦးတိုးအောင်က "မီးခိုးတွေ ၀ရံတာကနေ အူထွက်လာတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း မီးလောင်တာလို့ သိလိုက်တော့ မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်ပြီး အကြောင်းကြား ခဲ့ပါတယ်။ လူအသေအပျောက်တော့ မရှိပါဘူး" ဟု ပြောသည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းမှာ အတိအကျ မသိရှိနိုင်သေးကြောင်း၊ မီးလောင်မှု ဖြစ်စဉ်အတွင်း လူထိခိုက်မှုနှင့် သေဆုံးမှု မရှိကြောင်း ကြည့်မြင်တိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံရေး ဆွေးနွေးမှုများ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်

ချင်းမိုင်(မဇ္စျိမ)။   ။ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီအနေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ဆွေးနွေးမှုများကို အဆင့် သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးညိုအုန်းမြင့် က ပြောသည်။

"ဝန်ကြီး ဦးအောင်မင်းပြောတာက တဖွဲ့ချင်းအနေနဲ့လည်း တွေ့သွားမယ်။ ဒေသဆိုင်အဖွဲ့တွေနဲ့ တွေ့သွားမယ်။ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ အဖွဲ့တွေနဲ့လည်း နိုင်ငံရေးအရ ဆွေးနွေးသွားမယ်လို့ ဆွေးနွေးပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တဖွဲ့ချင်း
ဆွေးနွေးရန်၊ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ UNFC ကဲ့သို့ တိုင်းရင်းသား စုပေါင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားရန် ဟူ၍ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များနှင့် UNFC ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထပ်မံ တွေ့ဆုံကြဦးမည်
ဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အဖွဲ့ဝင်များ အပါအဝင် ၁၆ ယောက် တက်ရောက် မည် ဖြစ်ကြောင်း ဦးညိုအုန်းမြင့် က ဆိုသည်။

"အဓိကတော့ လက်နက်ကိုင် အင်အားစုတွေနဲ့ စပြီးတော့ နိုင်ငံရေးအရ ရှေ့ကို ဘယ်လိုသွားကြမလဲ။
ပြည်နယ်တွေနဲ့ ပြည်ထောင်စုနဲ့ ဘယ်လို ဆက်သွယ်လုပ်ကြမလဲဆိုတာက Framework (မူဘောင်) တခုပဲ ဖြစ်ပါတယ်။ UNFC ကလည်း ဒီအဆင့်ထဲမှာ ပါနေတာပေါ့" ဟု ပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့် UNFC ကိုယ်စားလှယ်များ ချင်းမိုင်မြို့တွင်ပင် အလွတ်သဘော ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ယခု တွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လာသည့် နောက်ပိုင်း UNFC
ှနှင့် အစိုးရ ငြိမ်းချမ်းရေးကော်မတီတို့ တွေ့ဆုံမှု ရပ်ဆိုင်းထားရာမှ ယခုပြန်လည် တွေ့ဆုံကြမည် ဖြစ်သည်။

သဘောထား မတိုက်ဆိုင်၍ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လမ်းကြောင်းနှစ်ခုခွဲ

စံခလပူရီ(မဇ္ဈိမ)။     ။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လိုင်ဇာသို့ ခရီးရှည် ချီတက်လာသည့်အဖွဲ့တွင် သဘောထားချင်း မတိုက်ဆိုင်သဖြင့် လမ်းကြောင်းနှစ်ခု ခွဲကာ ချီတက်နေကြကြောင်း နှစ်ဘက် ဦးဆောင်
နေသူများက ပြောသည်။

ရန်ကုန်မှ ချီတက်လာသည့် ကိုရန်နိုင်ထွန်း ဦးဆောင်သည့်အဖွဲ့နှင့် မြင်းခြံမှ ချီတက်လာသည့် ကိုသန့်ဇင် ဦးဆောင်သည့်အဖွဲ့တို့ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် ပူးပေါင်းပြီးနောက် မန္တလေးမြို့မှ
ပြန်လည်ထွက်ခွာရာတွင် လမ်းကြောင်း ခွဲလိုက်ကြခြင်း ဖြစ်သည်။

ရန်ကုန်မှ ချီတက်သည့်အဖွဲ့တွင် အင်အား ၆၀ ကျော် ပါဝင်ပြီး ဧရာဝတီမြစ် အနောက်ဘက်ခြမ်း မြစ်ကြီးနား လမ်းမှ ချီတက်ကာ မြင်းခြံမှ ချီတက်လာသည့်အဖွဲ့တွင် အင်အား ၁၀ ခန့် ပါဝင်ပြီး ဧရာဝတီမြစ် အရှေ့ ဘက်ခြမ်း ဗန်းမော်လမ်းမှ လိုင်ဇာသို့ ချီတက်ကြခြင်း ဖြစ်သည်။

ဦးတည်ချက် တူညီသော်လည်း မတူညီသည့် ရပ်တည်ချက်ကြောင့် မြင်းခြံမှ ချီတက်လာသည့်အဖွဲ့နှင့် လမ်းကြောင်းခွဲလိုက်ရခြင်း ဖြစ်သည်ဟု ရန်ကုန်မှ ချီတက်သည့်အဖွဲ့က ပြောသည်။

"ကျနော်တို့က ငြိမ်းချမ်းရေးကို  လုပ်တဲ့နေရာမှာ ပါတီစွဲ၊ ဝါဒစွဲ၊ လူပုဂ္ဂိုလ်စွဲတွေ မထားဘဲနဲ့ ငြိမ်းချမ်းရေး တခုတည်းကိုပဲ ဦးတည်ပြီးတော့ လုပ်မယ်ဆိုတာကို သဘောထား ကြေညာချက် ထုတ်ပြန်ထားတာ ရှိပါတယ်။ ကျနော်တို့နဲ့ မတူတဲ့ တခြားသော ကိစ္စရပ်တွေ ရှိလာတဲ့အခါကျတော့ ပူးပေါင်းလို့ မရတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ" ဟု ကိုရန်နိုင်ထွန်း က ပြောသည်။

အထက်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုသန့်ဇင် ဦးဆောင်သည့်အဖွဲ့တွင် ခွပ်ဒေါင်းအလံ၊ သာသနာ့အလံနှင့် ငြိမ်းချမ်းရေးအလံတို့ ပါရှိကာ မြို့အဝင်များတွင် အလံ လွှင့်ထူခြင်းနှင့်
နိုင်ငံရေး အကျဉ်းသားပုံစံ သရုပ်ဖော်ရန် စီစဉ်ခဲ့ခြင်းကြောင့် သဘောထား ကွဲလွဲရခြင်း ဖြစ်သည်ဟု ကိုရန်နိုင်ထွန်းက ပြောသည်။

ကိုသန့်ဇင် ဦးဆောင်သည့်အဖွဲ့မှ ဦးအောင်မြင့် က "ဒီအထက် ဗမာပြည်ကအဖွဲ့ လာရောက် ပူးပေါင်းရင် အလံတွေကို ဖြုတ်ပေးပါပေါ့။ ဒါပေမဲ့ ဒီအလံတွေကို ဖြုတ်မပေးနိုင်ဘူးပေါ့နော်။ လိုင်ဇာရောက်ရေးက ဦးတည်ချက် ဖြစ်တယ်။ အလံပါရေး မပါရေးက အဓိက မဟုတ်ဘူးပေါ့နော်" ဟု ပြောသည်။

ကိုသန့်ဇင် ဦးဆောင်သည့်အဖွဲ့တွင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဥတ္တမ၊ ဦးပါသက္က၊ ဗကသ အလုပ် အမှုဆောင် ကိုဉာဏ်မြင့်သန်း စသည်တို့ ပါဝင်သည်။

 ရန်ကုန်မှ လမ်းလျှောက်ချီတက်သူများကို ဆိုင်းဘုတ် ကိုင်ဆောင်ခြင်း၊ အော်ဟစ် ဟောပြောခြင်း၊ အလံ ကိုင်ဆောင်ခြင်းများ မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ လမ်းလျှောက်ရန် ပဲခူးတိုင်းအတွင်းရှိ ပဲခူး၊ ဖြူး၊ အုတ်တွင်း၊
ရေတာရှည်မြို့နယ်နှင့် နေပြည်တော် နယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်တို့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများထံ အမိန့်ကြေညာစာများ ထုတ်၍ ခံဝန်ကတိ ၅ ကြိမ်
ရေးထိုးခဲ့ရသည်။

 ၎င်းပြင် ၎င်းတို့အား ရန်ကုန်တိုင်း မြို့နယ်ရဲစခန်း ၁၂ ခုနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်ရဲစခန်း ၂ ခုတို့က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားသည်။
 
 ငြိမ်းချမ်းရေး လိုလားပြီး ပြည်တွင်းစစ် ရပ်စဲရေးအတွက် တောင်းဆိုသည့်အနေနှင့် တက်ကြွလှုပ်ရှားသူ လူငယ်နှင့် သံဃာတော် စုစုပေါင်း ၂၂ ဦးသည် ရန်ကုန်မှ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မိုင်ပေါင်း ၈၀၀ ကျော် ကွာဝေးသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ စတင်ထွက်ခွာခဲ့ပြီး လမ်းတလျှောက် ပူးပေါင်းလာ ခဲ့ရာမှ ပလိပ်မြို့အရောက်တွင် လမ်းကြောင်းခွဲ ချီတက်နေကြသည်။

ဟုမ္မလင်းမြို့နယ်မီး အိမ်ခြေ ၇၀ ခန့် လောင်ကျွမ်းဟုဆို

နယူးဒေလီ (မဇ္ဈိမ)။   ။ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နန်တောအုပ်စု၊ နန်တောစံပြ
ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဈေးတခုနှင့် အိမ်ခြေ ၇၀ ခန့် လောင်ကျွမ်းသွားခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။

လူ အထိအခိုက် သေဆုံးမှု မရှိသော်လည်း ဆုံးရှုံးမှု တန်ဖိုးကို မတွက်ချက်နိုင်သေးကြောင်း ဟုမ္မလင်း ဒေသခံ လူမှုအဖွဲ့အစည်းတခုမှ ကိုခင်မောင်သိန်း က ပြောသည်။

"ရပ်ကွက် အနေနဲ့ကျတော့ နန်တော တနိုင်တပိုင် ဈေး ပါသွားတာပဲ။ အိမ်ခြေ ၆၉ ၊ ၇၀ လောက်ပါသွားတာပဲ။ ဆုံးရှုံးမှုက ကျနော်တို့ဘက်က ထွက်ကုန်ပစ္စည်းတွေ သိုလှောင်တဲ့ရုံတွေ၊ အလှကုန်ပစ္စည်းတွေ၊ ခေတ်နဲ့
လျော်ညီစွာ ရောင်းတဲ့ အဝတ်အစားဆိုင်တွေ၊ စတိုးဆိုင်တွေ ရွှေပန်းတိမ်ဆိုင်တွေ၊ ချမ်းသာတဲ့ လူတွေနေတဲ့ ရပ်ကွက် တခုဖြစ်လို့ ဆုံးရှုံးမှုကို မမှန်းတတ်ပါဘူး ခင်ဗျ" ဟု မဇ္ဈိမကို ပြောသည်။

တနင်္ဂနွေနေ့ည ၁၀ နာရီခွဲ ခန့်မှ စတင်ကာ ချယ်ရီစံ စတိုးနှင့် အမိန့်ရ အရက်ဖြူဆိုင် နှစ်ခု အကြားမှ စတင်ကာ လောင်ကျွမ်းမှုဖြစ်ခဲ့သော်လည်း မီးလောင်မှု အကြောင်းရင်းကိုမူ မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

"စတိုးဆိုင်က ဖြစ်တာလား၊ အရက်ဖြူဆိုင်က ဖြစ်တာလား ကျနော်တို့ ပြည်သူတွေက မသိနိုင်သေးပါဘူးဗျ" ဟု ဆိုသည်။

ရပ်ကွက်မှူး ဦးဝင်းနိုင် ရပ်ကွက်၊ ဦးမြတ်စန်း ရပ်ကွက်နှင့် နန်တော စံပြကျေးရွာ နန်းရွှေရည်ဈေးတို့
လောင်ကျွမ်းသွားခြင်း ဖြစ်သည်။

မီးသတ်ကားရှိရာ ဟုမ္မလင်းမြို့နှင့် မိုင် ၄၀ ကျော်ခန့်ဝေးသည့်ရွာဖြစ်၍ အချိန် ၆ နာရီကြာခန့် မီးလာင် ကျွမ်းခဲ့ပြီး မီးဘေးဒုက္ခသည်အဖြစ် လူ ၁၀၀ ခန့် ရှိကြောင်းနှင့် မီးငြိမ်းသတ်ခဲ့ရပုံကို ကိုခင်မောင်သိန်းက ဆက်ရှင်းပြသည်။  

"ကျနော်တို့ နန်တောမှာ ကိုယ်ထူကိုယ်ထ မီးသတ်နဲ့ ကျနော်တို့ နန်တော ပြည်သူတွေ ဝယ်ထားတဲ့ မီးသတ်ကားလည်း ရှိပါတယ်။ ကျနော်တို့ ဟုမ္မလင်းက မီးသတ်ကား နှစ်စီး လာပြီးတော့ ဟုမ္မလင်းက ဌာနဆိုင်ရာအသီးသီးက ကူညီပံ့ပိုးပါတယ်ဗျ" ဟု မဇ္စျိမကို ပြောသွားသည်။

မီးဘေးဒုက္ခသည်များအား နန်တော ကျေးရွာရှိ ဆွေမျိုးသားချင်းများက နန်တောကျေးရွာ သောင်ပြင်များ
ပေါ်တွင် နေရာချကာ အကူအညီပေးလျက်ရှိကြောင်း သိရသည်။

ထိုမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရန် ဟုမ္မလင်း မီးသတ်ဌာနသို့ မဇ္ဈိမမှ ကြိုးစားဆက်သွယ်ခဲ့
သော်လည်း အဆက်အသွယ်မရရှိသေးပေ။

Monday, February 18, 2013

Light Truck နှင့် Suzuki Carryများအား သင်္ကြန်လည်ပတ်ရန် ၀ယ်ယူမှုများနေ

သင်္ကြန်လည်ပတ်ရန်အတွက် Light Truck နှင့် Suzuki Carry ကဲ့သို့သော နောက်ဖုံးဖွင့် ကားများ အဝယ်လိုက်နေကြောင်း အရောင်းပြခန်းများမှ သိရသည်။၏

 

`` ကျွန်တော်တို့က သင်္ကြန်အတွက် ကားငှားလုပ်ငန်းလုပ်ဖို့ Suzuki လေးစီးဝယ်ဖြစ်တာပါ။ Suzuki Carry တွေက Light Truck နဲ့ ယှဉ်ရင် ဈေးလည်းနည်းတယ်။ ပြီးတော့ ဆီစားလည်းသက်သာတယ်´´ဟု Suzuki Carry လာရောက်ဝယ်ယူသူ ကိုဇော်မျိုးထွန်း က ပြောသည်။

 

အဆိုပါ Suzuki Carry ကားများမှာ သင်္ကြန်အငှားလိုက်ရန်အတွက် ၀ယ်ယူမှုများ၍ တစ်ရက်လျှင် ပျမ်းမျှ နှစ်စီးခန့်   ရောင်းရကြောင်း သင်္ကန်းကျွန်းမြို့နယ် Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုက ပြောသည်။

 

ယခင်က သင်္ကြန်ကာလအတွင်း ဂျစ်ကားနှင့် Light Truck ကဲ့သို့သော ကားများမှာ အရောင်းအ၀ယ်နှင့် အငှားများသော်လည်း ယခုနှစ်တွင် Light Truck နှင့် Suzuki Carry ကဲ့သို့ကားများမှာ ဈေးကွက်ဝင်လာခြင်းဖြစ်သည်။

 

`` ကျွန်တော်အထင်ကတော့ ကားက ၀ိတ်ဘယ်လောက်ခံနိုင်တယ်ဆိုတာထက် စီးလို့ရရင်တော်ပြီ၊ သင်္ကြန်လည်ရင် Light Truck လိုမျိုးကျတော့ ကားက ကြီးသွားပြန်ရော။ ဒီတော့ Suzuki Carry ကတော့ အနေတော်ပဲ။ ဒါကြောင့်ဝယ်ဖြစ်သွားတာပါ´´ ဟု ကားဝယ်ယူထားသူ ကိုဖြိုးက ပြောသည်။

 

Light Truck များ၏ ကုန်တင်ဆောင်နိုင်သည့် ၀န်ပမာဏမှာ ၇၅၀ kg မှ ၈၀၀ kg အထိရှိပြီး Suzuki Carry များသည် ၃၅၀ kg သာ ရှိကြောင်း သိရသည်။

 

ယခင်နှစ်များက  ရန်ကုန်သင်္ကြန်ရက်အတွင်း ဂျစ်ကားများနှင့် လည်ပတ်မှုများပြားရခြင်းမှာ ကားအပ်နှံခွင့်များ မရှိသေးခြင်းကြောင့်   ဖြစ်ပြီး ယခုနှစ်တွင် ဂျစ်ကားအများစုမှာ ဈေးကွက်အတွင်း နည်းပါးလာသောကြောင့် အဆိုပါ Light Truck နှင့် Suzuki Carry ကဲ့သို့သော ကားများ သင်္ကြန်အတွင်း အများဆုံးတွေ့ရဖွယ်ရှိကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ပြောသည်။

 

ဈေးနှုန်းများအနေဖြင့် Suzuki Carry ကားများမှာ ကျပ်သိန်း ၈၄ သိန်းဝန်းကျင်ရှိပြီး Light Truck ကားများသည် ၁၂၆ သိန်း ၀န်းကျင်ရှိသည်။

 

Suzuki Carry ကားများသည် ဂျပန်မှ တိုက်ရိုက် တင်သွင်းခြင်းဖြစ်ပြီး Light Truck ကားများသည် တရုတ်မှ တင်သွင်းကာ   ပြည်တွင်းတွင် ပြန်လည် တပ်ဆင်ထားသည်ဟု သိရသည်။