Tuesday, November 19, 2013

ကော်ရှူအန္တရာယ် ကင်းဝေစေရေး သိတာနှင့် သတင်းပေး

ငွေကြေးကုန်ကျစရိတ်သက်သာစွာဖြင့် မူးယစ်စေနိုင်သည့် ဆေးပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုလာသည့် ကော်ရှူမှုများကို  ပပျောက်စေရန်အတွက် ရောင်းချသည့်နေရာများနှင့် သုံးစွဲသူနှင့် ၄င်းတို့ပတ်ဝန်းကျင်ရှိ ပြည်သူများ ကို အသိပညာပေးမှုများပြုလုပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရှိ ရသည်။

ကော်တစ်ဘူးလျှင် ကျပ်-၁၂၀၀ ၀န်းကျင်သာ ကုန်ကျခံကာ ၀ယ်ယူရရှိနိုင်ခြင်း ၊ ၀ယ်ယူရာတွင် စိစစ်မှုပြု လုပ်နိုင်ရေးမှာလည်း လက်မှုလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ၌ လက်ရှိ အသုံးပြုလျက်ရှိခြင်းကြောင့် မလွယ်ကူ ခြင်းနှင့် ဖမ်းဆီးအရေးယူရန်အတွက်လည်း သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသော မူးယစ်ပစ္စည်းတွင် ပါဝင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ရန်စီစဉ်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 `မူးယစ်စေတဲ့ပစ္စည်းတစ်ခုအဖြစ် ကော်ကိုရှုတဲ့သူတွေများလာပါတယ်၊ အဲဒီအတွက် အသိပညာပေးတာ၊ ရောင်းတဲ့ ဆိုင်တွေကို သေချာစိစစ်ရောင်းချစေတာတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ဒါအအပြင် မိဘ၊ ဆရာ၊ပြည်သူ ပူးပေါင်းပြီး လျော့နည်းသွားအောင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်´ဟု မန္တလေးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါကိစ္စရပ်များကို အများဆုံးပြုလုပ်လေ့ရှိသော အခြေခံလူတန်းစားကလေးငယ်များ၊ လမ်းဘေးရှိ လေလွင့်ကလေးငယ်များ၊ တောင်းရမ်းစားသောက်သည့်ကလေးငယ်များကို ကော်ရှုခြင်း မပြုနိုင်ရေးအတွက် ရဲတပ်ဖွဲ့ များဖြင့် ရှာဖွေထိန်းသိမ်းခြင်းနှင့် ပြည်သူများမှ အသိပေးတိုင်းကြားမှု ပြုလုပ်လျှင် သွားရောက်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
`ပြည်သူလူထုနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေပူးပေါင်းပြီး ကော်ရှုတာကို လျော့နည်းသွားအောင်လုပ် ဆောင်သွားမှာ ဖြစ်ပါတယ်၊ ဒီအတွက် ပြည်သူတွေအနေနဲ့ မသင်္ကာတွေ့ရင် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့တွေကို အကြောင်းကြား ပေးဖို့လိုပါတယ်´ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။