Tuesday, August 20, 2013

စစ်ကိုင်း-ရွှေဘို လမ်းမကြီးအနီး ဗုံးသီး ၂၂ လုံးတွေ့

စစ်ကိုင်း-ရွှေဘိုခရိုင်ချင်းဆက်လမ်းမကြီးအနီးတွင် ဒလက်ခြောက်ခုပါသည့် ဗုံးသီး ၂၂ လုံးကို သြဂုတ် ၁၇ ရက် နံနက် ၉ နာရီကျော်တွင် တွေ့ရှိခဲ့ကြောင်း ယင်းဒေသရှိ ရဲစခန်းမှ သတင်းထုတ်ပြန်သည်။

ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် နေထိုင်သည့် ဦးဆန်းအေးဆိုသူက လမ်းမကြီးဘေးကိုက်တစ်ရာခန့် အကွာ တွင် ဗုံးသီး၏ ဒလက်တစ်ခု မြေကြီးပေါ်သို့ ပေါ်နေသည်ကို စတင်တွေ့ရှိခဲ့ရာ ရဲစခန်းသို့ အကြောင်းကြားပြီး တူးဖော်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင်တွေ့ရသည်။

သတင်းရသည်နှင့် ရဲများက သွားရောက် တူးဖော်ခဲ့ရာ အလျား ၁၅ လက်မ၊ လုံးပတ် ၁၀ လက်မရှိသည့် ဒလက်
ခြောက်ခုဗုံးသီး ၂၂ လုံးကို တွေ့ရှိခဲ့ရသည်ဟု ရဲဌာနက ဆိုထားသည်။

ယင်းဗုံးသီးများသည် သုံးလက်မ စိန်ပြောင်းတွင်တပ်၍ ပစ်ခတ်ရသည့် ဗုံးသီးများ ဖြစ်နိုင်ကြောင်း၊ ဗုံးသီးများသည် သံချေးတက်နေပြီဖြစ်သဖြင့် စစ်ကျန်ပစ္စည်းများ ဖြစ်နိုင်ကြောင်းလည်း ရဲများကသုံးသပ် မှတ်တမ်းတင်ထားသည်ကို ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။