Sunday, June 9, 2013

အပစ်ရပ်သော်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး မရသေးဟု သမ္မတ ပြော

နေပြည်တော် (မဇ္ဈိမ)။   ။ တနိုင်ငံလုံး နီးပါးတွင် အပစ်အခတ် ရပ်စဲနေပြီဖြစ်သော်လည်း ရည်ရှည်တည်တံ့သော ငြိမ်းချမ်းရေး မရှိသေးဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နေပြည်တော်တွင် ကျင်းပနေသည့် အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက ပြောကြားလိုက်သည်။

ဖိလစ်ပိုင် သမ္မတ Aquino III ၊ ကမ္ဘာ့စီးပွားရေး ဖိုရမ် တည်ထောင်သူနှင့် အမှုဆောင် ဥက္ကဋ္ဌ Klaus Schwab တို့နှင့်အတူ "A Special Conversation" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

"အစိုးရသစ် တက်လာတဲ့ အချိန်မှာ လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ရှိပါတယ်။ သူများနိုင်ငံတွေမှာဆို လက်နက်ကိုင် အဖွဲ့က တဖွဲ့၊ နှစ်ဖွဲ့ပဲ ရှိပါတယ်။ တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာ ညှိနှိုင်းဖို့ဆိုတာ ခက်ခဲပါတယ်" ဟုလည်း သမ္မတ သက်တမ်း နှစ်နှစ်ကျော် ထမ်းဆောင်လာပြီးသည့် ဦးသိန်းစိန် က ပြောသည်။

၎င်းတို့အနက် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကချင်လက်နက် ကိုင်အဖွဲ့ (KIO) တဖွဲ့သာ ကျန်တော့ခြင်း ဖြစ်သည်။

ဦးသိန်းစိန် အစိုးရ အာဏာရပြီး လပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ကချင် လက်နက်ကိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် မေလကုန်ပိုင်းက ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲမှ သဘောတူညီချက် ၇ ချက်ကို ရရှိခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင် နှစ်ပေါင်း ၂၀ ကျော်ခန့် အထီးကျန် နိုင်ငံအဖြစ် နေခဲ့ရကြောင်းလည်း သမ္မတ က ဝန်ခံပြောဆိုလိုက်ပြီး ယခုအချိန်တွင် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကဲ့သို့ ပွဲမျိုးကို ကျင်းပရခြင်းမှာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများ၏ အသိုင်းအဝန်းကြားထဲ ဝင်ဆံ့လာသည့် သဘောပင် ဖြစ်ကြောင်းလည်း သမ္မတ က ပြောသည်။ ယခု အချိန်အခါသည် စီးပွားရေးအတွက် အုတ်မြစ် ချရန် အချိန်ကောင်း ဖြစ်သည်ဟုလည်း ပြောသည်။

ပြန်လည် ထူထောင်မှုများ ပြုလုပ်ရာတွင် အားသာသည့် အချက်များ ရှိသကဲ့သို့ အားနည်းချက်များတွင် စီးပွားရေး
ပြန်လည်ထူထောင်ရန် လုံလောက်သော အရင်းအနှီး မရှိခြင်း၊ ငွေကြေး မရှိခြင်းများလည်း ပါဝင်သည်ဟု
ပြောဆိုလိုက်ပြီး ပိတ်ဆို့ခံထားရမှုများကြောင့် နည်းပညာ တိုးတက်မှု နောက်ကျခြင်း၊ လူသား အရင်းအမြစ်အတွက် ယခုချိန်မှပင် စတင်မွေးမြူရခြင်းများက အားနည်းချက်များ ဖြစ်နေကြောင်းလည်း ဦးသိန်းစိန် က ပြောသည်။

လက်ရှိ အချိန်တွင် တိုင်းပြည် ချမ်းသာစေရန် လုပ်ဆောင်ခြင်းထက် ဆင်းရဲနွမ်းပါးမှု ပပျောက်အောင် ဦးစားပေး လုပ်ဆောင်နေသည်ဟုလည်း ထပ်မံ ပြောဆိုခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။