Tuesday, April 30, 2013

ပြည်မြို့၊ နဝဒေး တံတားအနီး သောင်ပြင်ပေါ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် စပ်လျဉ်း၍ ရေလုပ်သား တံငါသည် ၃ ဦးအား ရဲနှင့်စစ်တပ်မှ ခေါ်ယူစစ်ဆေး

ပြည်မြို့၊ နဝဒေးတံတားအနီး သောင်ပြင်ပေါ်တွင် ဧပြီလ ၂၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် စပ်လျဉ်း၍ ပြည်မြို့၊ ဧရာဝတီမြစ် တစ်ဖက်ကမ်း သစ်စိမ့်ပင် ကျေးရွာအနီး ရေလုပ်သား တံငါသည် ၃ ဦးအား ဧပြီလ ၂၇ ရက်ညနေမှ ၂၈ ရက်နေ့ ညနေအထိ ပြည်မြို့၊ မြို့မရဲစခန်းနှင့် ခ.လ.ရ ၇၅ တပ်ရင်းတို့မှ တာဝန်ရှိသူများမှ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ခေါ်ယူစစ်ဆေး မေးမြန်းခံခဲ့ရသည့် တံငါသည် ၃ ဦးမှာ ရွှေဘုံသာအုပ်စု၊ သစ်စိမ့်ပင်ရွာနေ ကိုအေးထွေး၊ ကိုမြင့်ရွှေနှင့် ကိုရဲနိုင်တို့ဖြစ်ပြီး ၎င်းတို့အား ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် ခ.လ.ရ ၇၅ တပ်ရင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့မှ စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ လာရောက်ခေါ်ယူသွားခဲ့ပြီး ပြည်မြို့၊ မြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့မရဲစခန်းဝင်း အတွင်း၌ပင် ညအိပ်ခဲ့ရကာ ဧပြီလ ၂၈ ရက်နေ့ နံနက်တွင် ခ.လ.ရ ၇၅ တပ်ရင်းမှ တာဝန်ရှိသူများက ကားဖြင့် လာရောက်ခေါ်ဆောင်ကာ တပ်အတွင်း၌ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ညနေ ၃ နာရီခန့်တွင် ၎င်းတို့ ၃ ဦးအား ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ခေါ်ယူစစ်ဆေးမှုနှင့် ပတ်သက်၍ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှူးဖြစ်သူမှ ၎င်းတို့အား သက်သေအဖြစ်သာ ခေါ်ယူမေးမြန်းခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

"ကျွန်တော်ရယ် ကိုရဲနိုင်နဲ့ ကိုမြင့်ရွှေတို့ ၃ ဦးကို ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ တပ်ရင်းမှူး၊ G-1 နှင့် ရဲတွေက စစ်ဆေးမေးမြန်းစရာ ရှိလို့ဆိုပြီး လာခေါ်သွားပါတယ်။ ကျွန်တော်တို့ကို မနေ့ညက မြို့မရဲစခန်းမှာ ရဲတွေက စစ်ဆေးပါတယ်။ ပြီးတော့ ရဲစခန်းမှာပဲ ညအိပ်ခဲ့ရပါတယ်။ အချုပ်ထဲမှာတော့ မဟုတ်ဘူး။ အပြင်မှာ ကုတင်နဲ့ အိပ်ရပါတယ်။ ဒီနေ့မနက်ရောက်တော့ ၇၅ တပ်က G-1 က ကျွန်တော်တို့ကို ကားနဲ့ လာခေါ်သွားပါတယ်။ ဟိုရောက်တော့ တပ်ထဲမှာ တပ်ရင်းမှူးရော တပ်မှူးရော ကျွန်တော်တို့ကို မေးပါတယ်။ ကျွန်တော်တို့ရဲ့ ထွက်ဆိုချက်ကို စာရွက်စာတမ်းနဲ့ သူတို့ ရေးမှတ်ယူထားလိုက်တယ်။ ကျွန်တော်တို့ကို ထမင်းကျွေးပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ပြီးတော့ နေ့ခင်းပိုင်းမှာ ပြန်ခွင့်ပြုမယ်လို့ ပြောတဲ့အတွက် ရွာကလူကြီးတွေနဲ့ မိသားစုဝင်တွေပါ လာကြိုကြပါတယ်။ နောက်ထပ် လိုအပ်ရင် စစ်ဆေးမေးမြန်း ဦးမယ်လို့လည်း ပြောတယ်" ဟု တံငါသည် ကိုအေးထွေးမှ ပြောကြားခဲ့ပါသည်။

ရွှေဘုံသာအုပ်စု သစ်စိမ့်ပင်မှ ဦးထွန်းဝေကလည်း "သူတို့ကို ခေါ်ယူစစ်ဆေးတာနဲ့ ပတ်သက်ပြီး သိရတာက ပြည်တစ်ဖက်ကမ်းက သောင်ပြင်မှာ တဲလေးတစ်တဲ ရှိတယ်။ ခုနက ၃ ယောက်က အဲဒီ တဲလေးမှာ လှေဆိုက်ပြီး ပုရစ်ကောက်တဲ့ အခါကျတော့ တဲလေးကို စစ်ဆေးလိုက်တာမှာ သူတို့ကိုပါ ခေါ်စစ်တာလို့ သိရတယ်။ တပ်က G-1 ဖြစ်သူကလည်း ကျွန်တော်တို့ ရွာကို ဖုန်းဆက်ပြီး ဒီလို မေးမြန်းစစ်ဆေးတာကလည်း သူတို့မြင်မိ ကြားမိတာများ ရှိသလားလို့ စစ်ဆေးတာပါလို့ ပြောပါတယ်" ဟု ဆိုပါသည်။

ထိုသို့ တံငါသည် ၃ ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းမှုနှင့် ပတ်သက်၍ သစ်စိမ့်ပင်ရွာနေ ဒေသခံများနှင့် မိသားစုဝင်များက စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ စစ်တပ်မှ ယခုကဲ့သို့ ခေါ်ယူမေးမြန်းမှုသည် ရဲအရေးပိုင်သည့် ကိစ္စဖြစ်၍ ရဲမှသာ သက်သေအဖြစ် ခေါ်ယူစစ်ဆေး မေးမြန်းသင့်ကြောင်းနှင့် သက်သေရရှိရန် ယခုကဲ့သို့ ပြည်သူအား တပ်မှခေါ်ယူ မေးမြန်းခြင်းမှာ လျော်ညီမှု မရှိကြောင်း ယခုမှုခင်းဖြစ်ရပ်နှင့် ပတ်သက်၍ မသင်္ကာဖွယ် တရားခံအဖြစ် တပ်အချုပ်အတွင်း၌ ဖမ်းဆီးထားသည့် တပ်သား၃ ဦး၏ ဓာတ်ပုံအားလည်း သက်ဆိုင်ရာ တပ်ရင်းမှနေ၍ ပြည်သူသို့ ထုတ်ပြန်ပေးသင့်သည်ဟု ပြည်ခရိုင် ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးမှ ပြောကြားခဲ့ပါသည်။

ပြည်မြို့၊ န၀ဒေးတံတားအနီး၊ ရှုခင်းသာကော်ဖီဆိုင် အောက်ခြေ၊ သောင်ပြင်သို့ လာရောက်သော သမီးရည်းစား စုံတွဲအား ပြည်မြို့၊ ခ.လ.ရ (၇၅)မှ တပ်သားသုံးဦးမှ ပစ္စည်းလုယူ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးသွားသည့်ဖြစ်စဉ် ဧပြီလ ၂၃ ရက်၊ ည ၁၀ နာရီ မိနစ် ၃၀ အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်၌ ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးမှ ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံခဲ့မှုကြောင့် ဆင်စုရပ်ကွက်နေ ပြည်သူများမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ရန် အခင်းဖြစ်ပွားရာ သောင်ပြင်တစ်ဝိုက်နှင့် ရန်ကုန်-ပြည် အဝေးပြေးကားလမ်းဟောင်းတစ်လျှောက် နေရာများအား ၀ိုင်းဝန်းရှာဖွေခဲ့ရာ ပြည်မြို့အထွက် ခ.လ.ရ (၇၅)မှ တပ်သားသန်းထိုက်အောင်၊ တပ်သားရဲကိုဦးတို့နှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းအချိန်၌ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တပ်သားတစ်ဦးမှာမူ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးဦးမြင့်ဦးက "ညက ဖမ်းမိထားတဲ့ တရားခံနှစ်ယောက်အပြင် လွတ်သွားတဲ့သူ တစ်ဦးကိုပါ ဖမ်းဆီးထားပါပြီ။ သူတို့ကို လောလောဆယ် သက်ဆိုင်ရာ တပ်ရင်းရုံးက အချုပ်မှာပင် ထိန်းသိမ်းထားပါတယ်" ဟု ဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီ ကာလအတွင်း ပြောကြားထားခဲ့ပါသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။