Tuesday, March 26, 2013

ဒုက္ခသည်များအတွက် မိထ္တီလာမြို့သစ်၌ တန်ဖိုးနည်းအိမ်ရာဆောက်ပေးမည်


မိထ္တီလာမြို့တွင် မီးရှို့အကြမ်းဖက်ခံရသည့် ဒေသခံများအတွက်တန်ဖိုးနည်းအိမ်ရာများကို မိထ္တီလာမြို့သစ်၌ ပြန်လည် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဒု-၀န်ကြီးက မိထ္တီလာဆက်သွယ်ရေး ဧည့်ရိပ်သာ၌   ပြောကြားခဲ့ခြင်း ဖြစ်သည်။

 မီးဘေးသင့်တဲ့သူတွေကို မြို့သစ်မှာခြေတံရှည်အိမ်တွေကျွန်တော်တို့ပြန်ဆောက်ပေးသွားမှာဖြစ်ပါတယ် ၊မြို့ထဲက မီးသင့်တဲ့ အိမ်တွေကိုတော့ အိမ်ရှင်အိမ်ငှားပြဿနာတွေရှင်းပြီးရင်အိမ်ပိုင်ရှင်ကို ပြန်ဆောက်ဖို့ အကူအညီပေးမှာ ဖြစ်ပါတယ် ” ဟု ၎င်းကပြောကြားသည်။

မိထ္တီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များအတွက် ကယ်ဆယ်ရေးစခန်း (၅) ခုနှင့်လူဦးရေ (၆)ထောင်ကျော် ရှိပြီး ၊ ဗုဒ္ဓဘာသာဝင်များအတွက်ကယ်ဆယ်ရေးစခန်းများကို ဘုန်းကြီးကျောင်းများ၌ ဖွင့်လှစ်ထား ပြီး လူဦးရေ(၂၀၀၀)ကျော်ရှိကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းများတွင်ဆေးဝါးကုသမှုများပြုလုပ်လျှက်ရှိပြီးဆေးဝါးအစားအသောက်များလုံလောက် သော်လဲ ထမင်းစားပန်းကန်ပြားများ၊ဖျာကဲ့သို့အခင်းများ နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။

 ကျမတို့ နောင်ဆိုဒီမှာ ချက်စားဖို့စီစဉ်နေတယ် ၊ ချက်တဲ့အခါမှာပြသနာမရှိပေမဲ့ လူတစ်ထောင်ကျော်စာ အတွက် ထမင်းပန်းကန်တွေမရှိဘူး ၊အဓိကလိုနေတာ အဲဒါပါပဲ ” အ.ထ.က(၁) ကယ်ဆယ်ရေးစခန်းရှိ အမျိုးသမီးတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ပြသနာများ ငြိမ်သက်သွားပြီဟုဆိုသော်လည်းကယ်တင်ထားသည့်သူများကို စခန်းများတွင် တစ်လထားရှိဦးမည်ဖြစ်ကာထိုနောက်ပိုင်းမှ နေရာပြန်လည်ချထားမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

 “ စိတ်ပိုင်းဆိုင်ရာမြှင့်တင်မှုတွေလုပ်ပေးပြီးမှပြန်လည်နေရာချထားပေးတာတွေကို လုပ်သွားမယ် ၊ အားလုံးအေးအေးချမ်းချမ်းဖြစ်သွားမှာပါ ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။