Monday, February 4, 2013

ဆန်ဈေး ၅% ခန့် တက်


နယ်မြို့များမှ ဆန်တင်ပို့မှုနည်းနေခြင်းကြောင့် ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ဈေး ၅ ရာခိုင်နှုန်း ဝန်းကျင်ခန့် ဈေးတက်လာကြောင်း   မော်တင်၊ ဆန်စပါးကုန်စည်ဒိုင်ရှိ ဆန်ကုန်သည်များထံမှ သိရသည်။

  ဆန်စပါးကုန်စည်ဒိုင်ဈေးကွက်အတွင်း ယခင်လ ဆန်ကြမ်း (ဇီယာ ၊ နှံကား ၊ ဧည့်မထ) တစ်အိတ်လျှင် ကျပ် (၁၄၅၀၀)၊ ယခုလ ဆန်အရည်အသွေးပေါ်မူတည်၍  (၁၄၈၀၀)ကျပ် မှ (၁၈၀၀၀)ကျပ် ၀န်းကျင်ထိရှိနေသည်။ ကျိုက်လက်မြို့နယ်မှတင်ပို့သော ပေါ်ဆန်း ဆန်သစ် တစ်အိတ်လျှင် ယခင် ကျပ် (၁၉၅၀၀) မှ ယခု (၂၀၀၀၀) ခန့်ဈေးမြင့်တက်နေကာ မြောင်းမြနှင့် ပုသိမ်မြို့နယ်များမှ လာသော ပေါ်ဆန်း ဆန်သစ် တစ်အိတ်လျှင်မူ ကျပ် (၂၁၀၀၀) မှ (၂၃၀၀၀) ခန့် ရှိနေကြောင်း သိရသည်။
 
"ဆန်ချောရော ဆန်ကြမ်းရော တစ်အိတ်ကို ၁၀၀၀-၂၀၀၀ လောက် ဈေးတက်တယ်။ ဈေးတက်တော့ အရောင်းအ၀ယ် အေးတယ်"ဟု ဘုရင့်နောင်ပွဲရုံ၊ ကောင်းမြတ်စံ ဆန်ဆိုင်မှ ကိုထွန်းဝင်းက ပြောသည်။

 ယင်းတို့ ဆန်ဈေးအနည်းငယ် တက်လာရခြင်းသည် မြိတ်၊ မြ၀တီ၊ မန္တလေး အစရှိသောနယ်မြို့များမှ ဆန်ကုန်သည်များသည် ကျိုက်လတ်၊ မြောင်းမြ၊ ပုသိမ်မြို့များရှိ ဆန်စက်များထိ သွားရောက်ဝယ်ယူနေသောကြောင့် ရန်ကုန်သို့ဆန်ဝင်ရောက်မှု့ နည်းသွားကာ ဆန်ဈေးမြင့်တက်လာသည်ဟု ဆန်ဈေးကွက် မှ ကုန်သည်တို့က ပြောသည်။

 “အကြမ်းကော၊ အချောကော ရှယ်တွေမလာဘူး။ အလတ်စားတွေလောက်ပဲလာတယ်။ နိုင်ငံခြားExport သတင်းတွေကြောင့် ဆန်ဈေးသာတက်နေတာ အရောင်းအ၀ယ်က အေးနေတယ် ဟု မော်တင် ဆန်စပါးကုန်စည်ဒိုင်၊ ကျိုက်လတ်လိုင်းမှ ကိုလှမိုးက ပြောသည်။
 
လက်လီဈေး ကွက်အတွင်း အရောင်းသွက်နေသောဆန်မှာ ပေါ်ဆန်းဆန်သစ် ဖြစ်ပြီး တစ်ပြည်လျှင် ငွေကျပ် (၁၂၀၀) နှင့် တစ်အိပ်လျှင် (၂၇၀၀၀)ကျပ် ပေါက်ဈေး ရှိနေကြောင်း သိရသည်။

 တစ်ပြည်လျှင် (၈၀၀)ကျပ် ရှိသော ဆန်ကြမ်းမှာလည်း လက်လုပ်လက်စား အခြေခံလူတန်းစားများ အဓိကထား စားသုံးနေရပြီး တစ်အိတ်လျှင် (၁၈၀၀၀) ကျော်ရှိနေသည်ဟု လက်လီဈေးကွက်အတွင်းမှ သိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။