Wednesday, February 20, 2013

မြန်မာ့ဆက်သွယ်ရေး လောကကို ကိုင်လှုပ်မည့်သူ (သို့) စိန်ခေါ်မှုနှင့်အတူ ရင်းနှီးမြုပ်နှံခွင့်ရမည့် အခွင့်အရေး

အာရှတွင် ဂျီဒီပီအနည်းဆုံးနိုင်ငံများစာရင်းဝင် မြန်မာနိုင်ငံမှ ဆက်သွယ်ရေးဈေးကွက်အား ရင်းနှီးမြှုပ်နှံခွင့်ရသည့် ရှားပါးအခွင့်အလမ်းရရှိသည့် ကုမ္ပဏီမှာ အကျိုး အမြတ်နှင့်အတူ ဆိုးကျိုးများပါ မျှဝေခံစားရမည်ဟု စင်္ကာပူဈေးကွက်   လေ့လာရေးကုမ္ပဏီက သုံးသပ်ထားသည်။

 

" ကမ္ဘာပေါ်မှာကျန်ရှိနေသေးတဲ့ အလားအလာ အကောင်းဆုံး ဈေးကွက်တွေထဲက တစ်ခုပါပဲ၊ ဈေးကွက်အလားအလာ ကတော့ တကယ် ကောင်းပါတယ်၊ဒါပေမယ့် စိန်ခေါ်မှုတွေ ရှိလာနိုင်တယ် " ဟု စင်ကာပူအခြေစိုက် နိုမူရာကုမ္ပဏီမှ အကြီးတန်းလေ့လာ ဆန်းစစ်သူ ဆာချင်ဂုပတားက ပြောသည်။

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုကို ရင်းနှီးမြှုပ်နှံခွင့်ရသူမှာ ပထမဆုံးအဆင့်အနေဖြင့် ၎င်း၏ ဆက်သွယ်ရေး ကွန်ယက်ကို မြန်မာနိုင်ငံတဝှမ်းလုံး ဖြန့်ကျက်နိုင်ရန် ကုန်ကျစရိတ်ကို စတင်စဉ်းစားရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

 

ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခွင့်ရမည့်သူမှာ စာချုပ်သက်တမ်း အနှစ် နှစ်ဆယ်အထိ ချုပ်ဆိုနိုင်ပြီး ထပ်မံသက်တမ်း တိုးနိုင်ခွင့်လည်း ရှိမည်ဖြစ်သည်။

 

တင်ဒါအောင်မြင်သူများတွင် ရှိသင့်သည့် အရည်အချင်းများမှာ " ငွေကြေးအလုံအလောက် အသုံးပြုနိုင်ပြီး ဝန်ဆောင်မှုကို ကာလာရှည်ကြာစွာ ပေးနိုင်သူများ " ဖြစ်သင့်သည်ဟု စင်ကာပူ UOB Kay Hian မှလေ့လာဆန်းစစ်သူ ဂျိုနသန်ကော့ ကပြောသည်။

 

အရှေ့တောင်အာရှမှ တင်ဒါတင်သွင်းသူ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် တင်ဒါအောင်မြင်ရန် အခွင့်အလမ်း ပိုမိုများကြောင်းကိုလည်း သိရသည်။

 

" အရင်ကတည်းက ဒီအစိုးရနဲ့ ပတ်သက်ဆက်သွယ်မှု၊အဆက်အဆံရှိခဲ့တဲ့ နိုင်ငံကဆက်သွယ်ရေးကုမ္ပဏီဖြစ်ဖို့ များတယ်၊ ဂျပန်က စီးပွါးရေးလုပ်ငန်းတော်တော်များများ ဒီနိုင်ငံမှာရှိတယ်၊ဂျပန်က ဆက်သွယ်ရေး ကုမ္ပဏီလည်း ဖြစ်နိုင်တယ်၊ တင်ဒါလျှောက်သူတွေထဲမှာ မြန်မာပါတနာနဲ့ အလုပ်လုပ်တဲ့သူတွေပါရင် ပိုကောင်းတာပေါ့၊ " ဟု Phillip Securities မှ ကန်အန်က ပြောသည်။

 

ဩစတေးလျ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီ၊အခြား ထိုင်း၊ဖိလစ်ပိုင်နှင့် အိန္ဒိယ အစရှိသော နိုင်ငံများ ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများတွင် ပါတနာဖြစ်သော SingTel က ၎င်း၏မြန်မာဈေးကွက် အပေါ် စိတ်ဝင်စားမှုကို တင်ဒါတင်သွင်းခြင်းဖြင့်ပြသခဲ့သည်။

 

SingTel က မိုဘိုင်းလ် ဝိုင်ယာလက်အပေါ်တွင် အဓိကရင်းနှီးလိုကြောင်း၊ တစ်နိုင်ငံလုံးအား ဆက်သွယ်မှုလျင်မြန်စွာ ပေး၍ ရင်းနှီးမြှုပ်နှံမှုအပေါ်အထိရောက်ဆုံးကြိုးစားလိုခြင်းကြောင့် ဖြစ်သည်ဟု SingTel မှ အမှုဆောင်အရာရှိချုပ် ချွာဆွတ်ကွန်း က Bloomberg Television မှပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။

 

အခြားတင်ဒါတင်သွင်းသူများမှ ကွာလာလမ်ပူအခြေစိုက် Axiata နှင့် ST Telemedia မှာ Temasek Holdings Pte ၏အစိတ်အပိုင်းတခုဖြစ်သည်။Axiata မှာ အိန္ဒိယ၊အင်ဒိုနီးရှား၊ဘဂ်လားဒေ့ရှ် နှင့် သီရီလက်ာတို့တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်နေပြီး ST Telemedia မှာ စင်ကာပူရှိ ဒုတိယအကြီးဆုံးဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း StarHub Ltd. နှင့် မလေးရှား၊ဗီယက်နမ်တို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများလုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။

 

လာမည့် ဇွန်လတွင် မြန်မာပြည်သူ ၆၄သန်းအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရန် ကုမ္ပဏီနှစ်ခုကို တင်ဒါ ခေါ်ယူခဲ့ရာ စိတ်ဝင်စားသော ကုမ္ပဏီပေါင်း ပြည်တွင်းပြည်ပ (၉၁)ခုအထိရှိခဲ့ပြီး ထိုအတွင်းမှ စင်ကာပူ အခြေစိုက် Singapore Telecommunications Ltd. မှာ အရှေ့တောင်အာရှတွင် အကြီးဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီကြီးတစ်ခုလည်း အပါအ၀င် ဖြစ်သည်။

 

အခြားထင်ရှားသော ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများမှာ မလေးရှားမှ Axiata Group Bhd နှင့် နော်ဝေမှ Telenor ASA တို့ဖြစ်ကြသည်။

 

မြန်မာနိုင်ငံတွင်လက်ရှိ မိုဘိုင်းလ်ဖုန်းသုံးသူလူဦးရေမှာ ၆၄သန်း၏ ကိုးရာခိုင်နှုန်းမျှသာ ရှိပြီး အစိုးရက ၂၀၁၆တွင် ၈၀% အထိတိုးတက်စေရန် မျှော်မှန်းထားသည်။

 

ကမ္ဘောဒီယားနိုင်ငံ၏ မိုဘိုင်းလ်ဖုန်းသုံးစွဲသူ လူဦးရေမှာ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်၊လာအိုတွင် ၈၇ ရာခိုင်နှုန်းခန့်နှင့် ထိုင်းနိုင်ငံတွင် ၁၀၀ ရာခိုင်နှုန်း ကျော်သည်။

 

လာရောက်လျှောက်ထားသည့် ကုမ္ပဏီ ၉၁ခုထဲတွင် အာရှ၊အမေရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊သမုဒရာပိုင်းဇုံ   နှင့်အာဖရိကမှ အကြီးဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီကြီးများပါဝင်သည်ဟု မြန်မာ့ဆက်သွယ်ရေးမှ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသော ကြေငြာချက်အရ သိရှိရသည်။

 

မြန်မာနိုင်ငံမှာ အာရှတွင် ဂျီဒီပီအနည်းဆုံးနိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်ပြီး လူတဦးချင်းစီ၏ တစ်နှစ်တာဝင်ငွေမှာ ယူအက်စ်ဒေါ်လာ ၈၅၅ ခန့်သာရှိပြီး ထိုင်းတွင် ယူအက်စ်ဒေါ်လာ ၅၈၅၁ ဒေါ်လာခန့်ရှိသည်ဟု International Monetary Fund estimates ၏ ကောက်ခံထားသည့် အချက်အလတ်များအရသိရသည်။

 

Asian Development Bank ၏ မနှစ်က ဇွန်လအတွင်းထုတ်ပြန်သော ထုတ်ပြန်ချက်များအရ လူထု၏ လေးပုံတစ်ပုံမှာ ဆင်းရဲမွဲတေမှုဖြင့် ရင်ဆိုင်နေရပြီး လူဦးရေ ၄ဦးတွင် ၃ဦးမှာ အခြေခံလူမှုအခွင့်အရေးဖြစ်သော လျှပ်စစ်ဓာတ်အားကို အသုံးပြုခွင့် မရကြပေ။

 

မိုဘိုင်းလ်ဖုန်းများကို စတင်ချပေးခဲ့သည့် ၂၀၀၁ခုနှစ်မှ စတင်၍ မိုဘိုင်းလ်ဖုန်းဆိုသည်မှာ   ငွေကြေးတတ်နိုင်သူများအဖို့သာ ဖြစ်ခဲ့သည်။

 

မိုဘိုင်းလ်ဖုန်းများတွင် အသုံးပြုနိုင်သော ဝန်ဆောင်မှုမှာလည်း အကန့်အသတ်ဖြင့်ဖြစ်ခဲ့သည်။တချိန်က သိန်းလေးဆယ် နီးပါးခန့် ဈေးပေါက်ခဲ့သော ဆင်မ်ကတ်များမှာလည်း ယခုအခါတွင် ကျပ်နှစ်သိန်းခန့်မျှဖြင့် ဝယ်ယူနိုင်ပြီဖြစ်သည်။ သို့သော် ပြည်သူအများမှာ ဆင်မ်ကတ်ကို ဈေးကြီးပေးလိုက်ရသဖြင့် ဟန်းဆက်ကို တန်ဖိုးနည်း ဝယ်ယူရတော့သည်။

 

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဆိုင်ရာ ရည်မှန်းချက်မှာ ဆက်သွယ်ရေးဝန်ဆောင်မှုများကို   ပြည်သူအများထံသို့   နေရာ ဒေသမရွေး ဝန်ဆောင်မှုပေးရန်နှင့် ဈေးနှုန်းသက်သာစေရန်ဖြစ်သည်ဟု   ကြေငြာထားသော်လည်း   မြန်မာ့ဆက်သွယ်ရေး၏ အကျင့်ပျက်ခြစားမှုများကြောင့် ပြီးခဲ့သောလတွင် ဝန်ကြီးအပြောင်းအလဲ ဖြစ်သည်အထိဖြစ်ခဲ့ပြီး သတ်မှတ်ထားသော ကျပ်ငွေနှစ်သိန်းအောက် လျှော့နည်းသည့် ဆင်းမ်ကတ်များကိုလည်း အခုထိ ထုတ်ဝေနိုင်ခြင်း မရှိသေးပေ။

 

 မြန်မာနိုင်ငံတွင် ၅.၄၄ သန်းသော မိုဘိုင်းလ်ဖုန်းအသုံးပြုသူများရှိသော်လည်း ၎င်းမှာ နိုင်ငံလူဦးရေ၏ ၉% မျှသာ ဖြစ်သည်။ ၁.၃ရာခိုင်နှုန်းမျှသာ ကြိုးဖုန်းပိုင်ဆိုင်သူရှိပြီး ၀.၀၃ ရာခိုင်နှုန်းမျှသာ မြန်နှုန်းမြင့်အင်တာနက် အသုံးပြုနိုင်သူ များဖြစ်သည်ဟု ADB က ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

 

" သန်း၆၀မျှသော မိုဘိုင်းလ်ဖုန်းအသုံးပြုမယ့် သူတွေရှိပါတယ်၊ ဒါပေမယ့်သူတို့အတွက် မိုဘိုင်းလ် ကွန်ယက်ကိုတော့ အစအဆုံး တည်ဆောက်ရလိမ့်မယ် " ဟု ရင်းနှီးမြှုပ်နှံသူတဦးကြောင့် အာရှ၏ဆက်သွယ်ရေး ဝန်ဆောင်မှုကို မနှစ်ကလေ့လာခဲ့သော နိုမူရာကုမ္ပဏီမှ အကြီးတန်းလေ့လာဆန်းစစ်သူ ဂုပတားက ပြောသည်။

 

မည်သို့ပင် ဖြစ်စေပြည်သူအများစုကတော့ ဝန်ဆောင်မှု ကောင်းကောင်းနှင့်ဈေးသက်သက်သာသာပေးနိုင်သော ဆက်သွယ်ရေး ဝန်ဆောင်မှုအား မျှော်လင့်နေဆဲဖြစ်သည်။

 

" နိုင်ငံရေး အနေနဲ့လည်း စိန်ခေါ်မှုတွေ ရှိလာနိုင်တယ၊်နိုင်ငံရေးတည်ငြိမ်မှုကတော့ အရင်ကနဲ့စာရင် တိုးတက် လာပါပြီ၊ ဒါပေမယ့် အချို့နေရာတွေမှာ မသေချာမှုတွေရှိနေတုန်းပဲ၊နိုင်ငံခြားသားပိုင်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အမြင်တမျိုးနဲ့ ကြည့်လာနိုင်တယ် " ဟု စင်ကာပူအခြေစိုက် လေ့လာဆန်းစစ်သူ Phillip Securities Pte မှ ကန်းအန် ကပြောသည်။

 

ပထမအဆင့် တင်ဒါအောင်မြင်သူများကို နောက်လာမည့်အပါတ်များတွင်ကြေငြာမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ ဇန်န၀ါရီလ ဒုတိယအပတ်အတွင်းက ကြေငြာခဲ့သည်။

 

" ဈေးကွက်အတွေ့အကြုံရှိရင်တော့ ပိုကောင်းတာပေါ့၊အရင်းအနှီးတတ်နိုင်ပြီးတော့ ဆက်သွယ်ရေးဝန်ဆောင်မှုအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာ နဲ့ ဟန်းဆက်နဲ့ပါတ်သက်တဲ့ ကုမ္ပဏီတွေနဲ့ အဆက်အသွယ်ရှိရင်ပိုကောင်းတယ်၊ ဆက်သွယ် ရေးကို အဆင့်မြှင့်တင်မှ ကျန်တာတွေလဲ တိုးတက်နိုင်မယ်၊လူမှုလုံခြုံရေးကိုတော့ ဂရုစိုက်ဖို့လိုလိမ့်မယ် " ဟု ဆက်သွယ်ရေးဝန်ဆောင်မှုပေးမည့် အော်ပရေတာအသစ်နှင့်ပါတ်သက်၍ ဂုပတားကပြောသည်။

 

မြန်မာနိုင်ငံ၏ပထမဆုံးဆက်သွယ်ရေးဥပဒေမူကြမ်းအား ယခုနှစ် နှစ်ဝက်အစောပိုင်းတွင် လွှတ်တော်မှ အတည် ပြုမည်ဖြစ်ပြီး အဆိုပါဥပဒေမူကြမ်းတွင် လွပ်လပ်စွာဆောင်ရွက်နိုင်သည့် ပုဂ္ဂလိကအခန်းကဏ္ဍလည်း    ပါဝင်လာ မည်ဖြစ်သည်။

 

မြန်မာပြည်သူအများစုကတော့ ဖေဖော်ဝါရီလအတွင်း ထွက်ရှိလာမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ရက်ရွှေ့သွားသော မြန်မာ့ဆက်သွယ်ရေး၏ တန်ဖိုးနည်းဆင်းမ်ကတ်များကို မျှော်နေဆဲ။

 

မိုဘိုင်းလ်ဖုန်းများတွင်အင်တာနက် လိုင်းကောင်းလာမည့် ရက်ကို မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်စားနေဆဲဖြစ်သည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။