Wednesday, January 30, 2013

အိုး/အိမ်မှ သိမ်းဆည်းထားသော မြေယာအရေး ကော်မရှင် လက်ခံသည်အထိ ဖြေရှင်းပေးမည်ဟုဆို

နေပြည်တော်၊ ဇန်န၀ါရီ-၃၀

ရန်ကုန်တိုင်း ဒေသကြီး ဧရိယာ အတွင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ သိမ်းဆည်း ထားသည့် မြေများနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်သို့ တိုင်ကြား လာသော တိုင်ကြား စာစုစုပေါင်း ၅၁ ခုရှိရာ ယင်းတို့အား ကော်မရှင်မှ လက်ခံနိုင်သည် အထိ ဖြေရှင်းပေး သွားမည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်ကပြောသည်။



"ကော်မရှင်က လက်ခံမှသာလျှင် ပြည်သူကလက်ခံမှာဖြစ်ပါတယ်။ ကော်မရှင်လက်ခံနိုင်တဲ့ အဆင့်ထိအောင် ကျွန်တော်တို့က ရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်" ဟု ဒုတိယ၀န်ကြီးက ပြောကြားသွားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြတိုးချဲ့ရန်နှင့် စက်မှုဇုန်များ တိုးချဲ့တည်ဆောက်ရန် အစရှိသည်တို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ မြေဧကပေါင်း သိန်းနှင့်ချီ၍ သိမ်းဆည်းထားရာ အချို့မြေများသည် မူလလုပ်ကိုင်သူများမှ သိမ်းဆည်းလိုက်သည်ကိုပင် မသိရှိဘဲ သိမ်းဆည်းခံရသည်များရှိခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ်က ပြောသည်။

ကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယ၀န်ကြီးတို့က လွှတ်တော်ဝင်းအတွင်းရှိ I ၆ အဆောက်အအုံတွင် ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

အိုး/အိမ်မှ သိမ်းဆည်း ထားသည့် မြေများနှင့် ပတ်သက်၍ ကော်မရှင်သို့ ရောက်ရှိလာသည့် တိုင်စာများမှာ ဒဂုံမြို့သစ်အရှေ့၊ တောင်၊ မြောက်နှင့် ဆိပ်ကမ်း မြို့နယ်များမှ ၁၁ စောင်၊ မင်္ဂလာဒုံမြို့နယ်မှ ၂ စောင်၊ ထန်းတပင် မြို့နယ်မှ ၄ စောင်၊ ရွှေပြည်သာ မြို့နယ်မှ ၇ စောင်၊ လှိုင်သာယာ မြို့နယ်မှ ၉ စောင်၊ ကြည့်မြင်တိုင်မြို့နယ်မှ ၁ စောင်၊ အင်းစိန်မြို့နယ်မှ ၁၄ စောင်၊ ကျောက်တန်းမြို့နယ်မှ ၁ စောင်၊ သန်လျင်မြို့နယ်မှ ၁ စောင်၊ တာမွေမြို့နယ်မှ ၁ စောင်တို့ဖြစ်သည်။

 7Day News Journal

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။